ဆူဒန်နိုင်ငံရဲ့ အရန်တပ်ဖွဲ့ဖြစ်တဲ့ အမြန်ကူညီရေးတပ်ဖွဲ့ (RSF) ရဲ့ အကြီးအကဲဖြစ်သူ မိုဟာမတ် ဟမ်ဒန် ဒါဂါလိုဟာ နိုင်ငံ့စစ်တပ်အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အာဒယ် ဖတ်တာ အယ်လ်ဘူရဟန် နဲ့ စေ့စပ်ညှိနှိုင်းမှာ မဟုတ်ဘူးလို့ အယ်လ် အာရာဘီယာ ရုပ်သံကို ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
"စစ်တပ်နဲ့ ဘာ ပြသာနာမှ မရှိပေမယ့် ဘူရဟန် အပါအဝင် သူ့ဂိုဏ်းသားတွေ လက်နက်ချတာကို သာ လိုချင်ပါတယ်၊ တခြား ပြဿနာတော့ မရှိပါဘူး။ ကျနော့်အနေနဲ့ ဆူဒန်ပြည်သူတွေကို တကယ်စိတ်မကောင်းကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ ဘူရဟန်ရဲ့ ဖိအားပေးမှု တစုံတရာကြောင့် ဖြစ်သလို ဒီကိစ္စတွေပြီးဆုံးသွားတဲ့အခါ ပြည်သူတွေ ဆေးကုသမှုခံယူနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲမယ်လို့ ကတိပြုပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ပြည်သူတွေအတွက် အပစ်အခတ် ရပ်စဲပေးဖို့ အသင့်ဖြစ်နေပါပြီ” လို့ ဒါဂါလို က ပြောပါတယ်။
"ဒီတိုက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် အရှုံးသမားဖြစ်နေ ဦးမှာပါ" လို့လည်း RSF အကြီးအကဲဖြစ်သူက ဖြည့်စွက်ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဆူဒန်နိုင်ငံမှာ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားစဉ်က စလို့ လူပေါင်း ၄၁၃ ဦး သေဆုံးကာ ၃,၅၅၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။