close

ဆူဒန်စစ်အုပ်ချုပ်ရေး

close

January 14, 2022

ဆူဒန်စစ်အုပ်ချုပ်ရေး ဆန့်ကျင်ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ဖြိုခွင်း

ဆူဒန်လုံခြုံရေးတပ်တွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ ချီတက်နေတဲ့ မြို့တော်ခါတွန်က ဆန္ဒပြသူတွေကို ဇန်နဝါရီ ၁၃ ရက်က မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။

ဒါကြောင့် ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ဆန္ဒပြသူတယောက်နဲ့ ရဲအရာရှိတယောက် သေဆုံးတယ်လို့ ဆရာဝန်တွေနဲ့ ရဲတွေက ပြောပါတယ်။

ဆူဒန်နိုင်ငံမှာ အရပ်သားတွေနဲ့ စစ်တပ်တို့ အာဏာမျှဝေယူထားတဲ့ အစီအစဉ် အဆုံးသတ်ခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် စစ်အာဏာသိမ်းမှုပြီးတည်းက အရပ်သားအုပ်ချုပ်ရေးကို ပြန်ရဖို့ တောင်းဆိုနေတဲ့ လူအုပ်ကြီးတွေကို လမ်းတွေပေါ်မှာ ပုံမှန်တွေ့ရတာပါ။

ကြာသပတေးနေ့က သမ္မတ နန်းတော်ဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

အဲဒီအချိန်မှာ ဆန္ဒပြသူတယောက်က ဗိုလ်မှူးချုပ် တယောက်ကို ဓားနဲ့ အသေ ထိုးသတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

အနားက ဘာရီမြို့မှာလည်း သေနတ်နဲ့ပစ်ခံရလို့ ဆန္ဒပြသူ တယောက် သေဆုံးတယ်လို့ ဆရာဝန် တယောက်က ပြောပါတယ်။

မြို့တော် ခါတွန်နဲ့ အိမ်နီးချင်းမြို့တွေမှာ သေနတ်ဒဏ်ရာတွေနဲ့ တခြားဒဏ်ရာတွေအတွက် ဒါဇင်ချီတဲ့ ဆန္ဒပြသူတွေကို ဆေးကုပေးခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

2 mins Ago
Up