ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ထောင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အရင်လက အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဖို့ အိမ်နီးချင်း ကာကွယ်ရေး ကော်မတီက ဆန္ဒပြပွဲတွေကို ဆော်ဩခဲ့တာပါ။
အရင်အပတ်က အရပ်သားဝန်ကြီးချုပ် အဘ်ဒါလာ ဟမ်းဒေါ့ခ်ကို အာဏာပြန်ပေးပြီး အာဏာသိမ်း အပြီး အဖမ်းခံထားရတဲ့ ထိပ်တန်းနိုင်ငံရေးသမား အများစုကို ပြန်လွှတ်ပေးခဲ့တဲ့ သဘော တူညီချက်ကို ဘေးဖယ်ထားဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး အပြည့်အဝပြန်ရဖို့ တောင်းဆိုနေကြပါတယ်။
ဆူဒန်အာဏာရှင် အိုမာ အယ်လ် ဘတ်ရှီးယားကို ၂၀၁၉ မှာ ဖယ်ရှားအပြီး အရပ်သား နိုင်ငံရေး အုပ်စုတွေနဲ့ မိတ်ဖက်ပြုမှုဟာ စစ်တပ်ရဲ့ အောက်တိုဘာ ၂၅ အာဏာသိမ်းလုပ်ရပ်ကြောင့် အဆုံးသတ်သွားခဲ့တာပါ။
ဒါကြောင့် အနောက်နိုင်ငံတွေက ပြစ်တင်ရှုံ့ချရင်း အကူအညီတွေကို ဆိုင်းငံ့ခဲ့ပါတယ်။
ဆန္ဒပြပွဲ အစပိုင်းမှာ မြို့တော်အတွင်း အမြွှာမြို့ ၂ မြို့ကို ဆက်ထားတဲ့ တံတားတွေကို ဆက်ဖွင့်ထားပါတယ်။
ဆန္ဒပြသူတွေက သမ္မတ နန်းတော်ဆီကို ချီတက်ဖို့ ပြင်ဆင်နေတဲ့ ခါတွန်မြို့လယ်မှာ လက်နက်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြီးအကျယ် နေရာယူထားပါတယ်။
ဆန္ဒပြသူတွေ သမ္မတနန်းတော်နဲ့ မိုင်ဝက်အကွာကို ရောက်လာချိန်မှာတော့ မျက်ရည်ယို ဓာတ်ငွေ့ တွေ အသံဗုံးတွေကို ရဲတွေက ပစ်ခတ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း အဓိကလမ်းကို ပိတ်ဆို့ခဲ့ပြီး စစ်သားတွေ စစ်တန်းလျား ပြန်ကြလို့ ကြွေးကြော်ခဲ့ကြပါတယ်။