close

ဆူဒန်ဆန္ဒပြ

close

May 27, 2022

ဆူဒန်စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို တားဆီးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့

ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ ၇ လအတွင်း ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖို့ ကြိုးပမ်းတဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မေ ၂၆ ရက်က ခါတွန်မြို့အလယ်ပိုင်းရှိ နေရာအနှံ့အပြားမှာ တပ်အင်အားတွေ ဖြန့်ချထားပါတယ်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ခါတွန်မြို့လယ်ရှိ သမ္မတအိမ်တော်ကို ချီတက်ပြီး အောက်တိုဘာ ၂၅ ရက်က စစ်တပ်အာဏာသိမ်းမှုနဲ့ အရပ်ဘက် အစိုးရခေါင်းဆောင်ပိုင်းအတွက် ဆန့်ကျင်ဆန္ဒပြနေကြတာဟာ ၂ လလောက်အတွင်း အများဆုံး တွေ့မြင်နေရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သပိတ်လမ်းကြောင်းတဝိုက်ရှိ လူနေရပ်ကွက်တွေမှာ နေရာယူ ပိတ်ဆို့ထားလိုက်ကြပြီး ဆန္ဒပြသူတွေကို နန်းတော်ကနေ ၃ ဒသမ ၅ ကီလိုမီတာ အကွာလောက်ကစပြီး မျက်ရည်ယိုဗုံးတွေ ပစ်သွင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ လောက်အပြင် ဗဟိုအရန်တပ်ဖွဲ့တွေနဲ့ပါ တွေ့နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဗဟိုအရန်တပ်ဖွဲ့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ခံထားရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဆေးဘက်ဝန်ထမ်းတွေ အဆိုအရ အောက်တိုဘာလကတည်းက ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် အနည်းဆုံး လူ ၉၆ ဦး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေနဲ့ တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အရပ်သားနဲ့ စစ်တပ်ဦးဆောင်တဲ့ ပူးတွဲအစိုးရရဲ့ အာဏာကို စစ်တပ်ခေါင်းဆောင်ပိုင်းက ဖယ်ရှားလိုက်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းနဲ့ စီးပွားရေး အခြေအနေတွေ တဖြည်းဖြည်း ပိုဆုတ်ယုတ် ဆိုးရွားလာနေပါတယ်။

ကုလသမဂ္ဂနဲ့ အာဖရိကသမဂ္ဂက ကမကထပြုပြီး လက်ရှိဆောင်ရွက်နေဆဲ လုပ်ငန်းစဉ်ဟာလည်း နိုင်ငံရဲ့ အဓိက နိုင်ငံရေးအင်အားစုတွေနဲ့ စစ်တပ်အကြားက သဘောတူညီချက်တရပ် ထွက်ပေါ်မလာသေးပါဘူး။

1 min Ago
Up