နိုင်ငံရဲ့လွတ်လပ်ရေးကို ပြည်သူနဲ့လက်တွဲတိုက်ယူဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးကျိပ်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ရာက ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ မသူတော် စစ်မိစ္ဆာတလက်အောက် ကျရောက်ပြီးတဲ့နောက် အခုဆို ပြည်သူလူထုက ခါးခါးသီးသီး မုန်းတီးရွံရှာခြင်းခံရတဲ့ မူးယစ်ဆေးဝါးရဲ့ သခင်တပိုင်း ကျွန်ရိုင်းလည်းဖြစ်တဲ့ စစ်ရာဇဝတ်ဂိုဏ်းအဖြစ် ကျက်သရေမဲ့စွာ အဆင့်လျော့ကျခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မိမိတပ်သားတွေကို သိက္ခာမဲ့စွာ မူးယစ်ဆေးဝါးကို သုံးစွဲစေပြီး စစ်တိုက်ခိုင်းတဲ့ စစ်တပ်ဆိုတာ မြန်မာစစ်မိစ္ဆာတပ်ဖွဲတဖွဲ့ပဲ ရှိမယ်ထင်ပါတယ်။ ဒီလိုရေးရတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ထားခဲ့တဲ့ စစ်အာဏာလုကောင်စီ စခန်းကုန်းတခုကို ပြန်သိမ်းဖို့ကြိုးစားခဲ့ကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ဓားပြဆေးစွဲတပ်ဟာ ဗျူဟာကျကျ စစ်ဆင်ရေးတွေနဲ့ လာတိုက်တာမဟုတ်ဘဲ လူလှိုင်းစစ်ဆင်ရေးနဲ့ လာတိုက်ခိုက်ပြီး PDF တွေဘက်က ပစ်လို့မနိုင်တော့တဲ့အထိ ဖြစ်လာကာ ပြန်ဆုတ်ပေးရတယ်လို့ MDY PDF က ရဲဘော်ကိုဇော်ကြီးက မဲခေါင်သတင်းကို ပြောပြခဲ့တဲ့ သတင်းကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဖတ်လိုက်ရပါတယ်။
ဒီလို စစ်ရေးဗျူဟာမရှိဘဲ လူအင်အားကိုသုံးကာ ဇွတ်တက်လာတာဟာ လူသာမန်တယောက်အဖို့ မဖြစ်နိုင်ဘဲ စိတ်ကြွမူးယစ်ဆေးဝါးသုံးမှပဲ လူစိတ်ပျောက်လို့ စစ်သွေးကြွပြီး တက်လာရဲမှာလို့ ကိုဇော်ကြီးက သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ စစ်သားတွေကို စစ်တိုက်ဖို့သာ မူးယစ်ဆေးဝါးတွေကို သုံးစွဲစေတာမဟုတ်ဘဲ လူထုအရေးတော်ပုံကြီးတွေကို သတ်ဖြတ်ဖြိုခွင်းကြတဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်တွေကို ဆန္ဒပြ လက်နက်မဲ့ပြည်သူတွေ ပစ်ခတ်သတ်ဖြတ်ရဲအောင် မူးယစ်ဆေးဝါးတွေ တိုက်ကျွေး အမိန့်ပေးခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ဖြိုခွင်းဖို့ စစ်ထောက်လှမ်းရေး မိစ္ဆာခင်ညွန့်တို့အဖွဲ့ဟာ တန်ပြန်သပိတ်အတွက် အများသောက်သုံးရေ အဆိပ်ခပ် ခိုင်းစေခံရသူတွေကို လူစိတ်ပျောက်ပြီး ရိုက်လည်းမနာမကျင် အသတ်ခံရမှာလည်း မကြောက်တဲ့ အဆင့်ထိရောက်စေတဲ့ မူးယစ်ဆေးဝါးတွေ တိုက်ကျွေးစေလွှတ် ယုတ်မာခဲ့ကြပါတယ်။
မူးယစ်ဆေးဝါးဆိုတာ မှန်ကန်စွာ အသုံးမချဘူးဆိုရင် လူတဦးအတွက်ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံအတွက်ဖြစ်ဖြစ် အလွန်အန္တရာယ်ကြီးမားလှပါတယ်။ မူးယစ်ဆေးဝါးကို လွဲမှားစွာ သုံးစွဲကြတာကြောင့် အဖိုးတန်တဲ့ လူ့အသက်နဲ့ ဘဝတွေ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသလို တိုင်းနိုင်ငံတွေ ဆင်းရဲဒုက္ခအဖုံဖုံ ရောက်ခဲ့ကြရပါတယ်။
ကမ္ဘာ့သမိုင်းကို ပြန်လည်စောင်းငဲ့ကြည့်လိုက်မယ်ဆိုရင် ၁၉ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ပထမ ဘိန်းစစ်ပွဲ (၁၈၄၀-၁၈၄၂) နဲ့ ဒုတိယဘိန်းစစ်ပွဲ (၁၈၅၆-၁၈၆၀) ဟာ ဗြိတိသျှကုန်သည်တွေ တရုတ်ပြည်ကို ဘိန်းတွေ အတားအဆီးမရှိ ရောင်းချနိုင်ရေးအတွက် ဗြိတိသျှတွေဟာ မူးယစ်ဆေးဝါးကို သူတို့ကိုယ်ကျိုးစီးပွားအတွက် လွဲမှားယုတ်ညံ့စွာ အသုံးချ အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ကျူးကျော်စစ်ဖြစ်ပါတယ်။
အဲ့ဒီစစ်ပွဲမှာ ခေတ်နောက်ကျကျန်ရစ်တဲ့ တရုတ်တွေ စစ်ရှုံးခဲ့ရပြီး စက်မှုတော်လှန်ရေးကြောင့် တခေတ်စော တိုးတက်ပြီးသား ဗြိတိသျှတို့ စစ်နိုင်တာကြောင့် ဟောင်ကောင်ကျွန်းကို သိမ်းပိုက်ခွင့် ရသွားခဲ့ပါတယ်။ အဲ့ဒါအပြင် တရုတ်ပြည်သူတွေ ဘိန်းစွဲခဲ့ရပြီး စာရိတ္တပျက်ပြားမှု၊ ကျန်းမာရေးချို့ယွင်းမှုတွေ ခါးစည်းခံရရုံသာမက ကုန်ထုတ်စွမ်းအားတွေ ကျပြီး စီးပွားရေး အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရတာမို့ တရုတ်တွေကို “အရှေ့အာရှက လူမမာတွေ” လို့ ပြောစမှတ်ပြုခံံခဲ့ရလောက်အောင် ဘိန်းရဲ့ဒဏ်ကို ခံခဲ့ကြရပါတယ်။
ကဲ အခု မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဘယ်လိုကြီးထွားလာသလဲ ဆိုတာ ကြည့်ကြရအောင်။ မြန်မာနိုင်ငံဘက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တဟုန်ထိုး မြင့်တက်လာစေတဲ့ အဓိကအကြောင်းတရားကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသ အပါအဝင် မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို ၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်းစစ်ပွဲမှာ မော်စီတုံးရဲ့ ကွန်မြူနစ်တပ်တွေကို စစ်ရှုံးလာတဲ့ တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်တပ်တွေ ယူနန်ပြည်နယ်ဘက်ကနေ ဝင်ရောက်လာခဲ့ရာက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာတွေက တရုတ်ဖြူလို့ခေါ်ကြတဲ့ ကူမင်တန်တရုတ်တွေဟာ ကွန်မြူနစ် တရုတ်နီတပ်တွေနဲ့ ယှဉ်ပြိုင်ရာမှာ လက်နက်အင်အား တောင့်တင်းဖို့နဲ့ တော်လှန်ရေး အောင်ဖို့အတွက် တခုတည်းသောနည်းလမ်းအဖြစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို အဓိက စီမံကိန်းချ လုပ်ဆောင်လာခဲ့ကြပါတယ်။ တရုတ်ဖြူ ကူမင်တန်တပ်တွေဟာ လျှို့ဝှက်အခြေစိုက် စစ်စခန်းတွေကို မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ အပါအဝင် မြန်မာ-ထိုင်း-လာအို ၃ နိုင်ငံထိစပ်ရာ ရွှေတြိဂံဒေသ အနှံ့အပြားမှာ အခြေစိုက် ထူထောင်ခဲ့ကြပါတယ်။
ဒါကြောင့် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကူမင်တန်တွေရဲ့လက်အောက်က ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အရင်ကထက် ၁၀ ဆကနေ အဆ ၂၀ လောက်အထိ မြင့်တက်လာခဲ့ပါတယ်။ တနှစ်ကို ဘိန်း တန် ၃၀၀ ထုတ်လုပ်ရာကနေ တန် ၆၀၀ အထိ တိုးမြှင့်ထုတ်လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မော်စီတုံးတို့ရဲ့ ကွန်မြူနစ်တပ်တွေကို လက်ယာအမျိုးသားရေးဝါဒီ ကူမင်တန်တွေ စစ်ရှုံးလို့ ၁၉၄၉ ခုနှစ်ကတည်းက ရွှေ့ထားတဲ့ ထိုင်ဝမ်ကျွန်းကို အပြီးဆုတ်ခွာသွားပေမဲ့လည်း အဲ့ဒီဒေသတွေဟာ ဘိန်းစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးရာ ထိပ်တန်းဒေသတွေ ဖြစ်လာခဲ့တယ်။
၁၉၅၀ နှစ်များအတွင်းက ကိုးကန့်ဒေသကို အုပ်ချုပ်နေသူမှာ ကူမင်တန်အဖွဲ့ရဲ့ ကျောထောက်နောက်ခံရှိတဲ့ အောလစ်ဗ်ယန်းဆိုတဲ့ စစ်ဘုရင်မ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက် ဘိန်းတွေတင်ပို့နေရာက ၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရပြီးတော့ သူမအစ်ကိုဖြစ်သူ ဂျင်မီယန်း ဆက်ခံပြီး ဘိန်းလုပ်ငန်း ဆက်လုပ်ခဲ့ပါတယ်။ ဂျင်မီယန်းကို သူရဲ့လက်အောက်ခံ တပ်မှူးတဦးဖြစ်တဲ့ လော်စစ်ဟန်က ဖြုတ်ချခဲ့ပါတယ်။ လော်စစ်ဟန်ဆိုတာ Asia World ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်ရဲ့ဖခင် ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ အရပ်သားအစိုးရထံက အာဏာလုယူခဲ့တဲ့ စစ်ဓားပြနေဝင်းဟာ လော်စစ်ဟန်ကို ဘိန်းစိုက်ခွင့်ပေး စည်းရုံးခဲ့ရာက မြန်မာနိုင်ငံမှာ ဘိန်းလုပ်ငန်း ကြီးကျယ်လာခဲ့ပြီး ဘိန်းဘုရင် လော်စစ်ဟန် ဖြစ်လာခဲ့ပါတယ်။ စစ်ဓားပြနေဝင်းရဲ့ အာဏာလု စစ်အစိုးရဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းနဲ့ တခြားလက်နက်ကိုင်တွေကို တိုက်ဖို့ ရှမ်းပြည်နယ်ထဲက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးက လမ်းတွေမှာ နေဝင်းဦးဆောင်တဲ့ မြန်မာစစ်တပ်က ငွေရှာဖို့အတွက်နဲ့ ဒေသခံလက်နက်ကိုင်တွေကို ဖြိုခွင်းဖို့ ဘိန်းကုန်စည်ကူးသန်းမှုတွေ တရားဝင်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ စစ်ဓားပြတပ်တွေဟာ ကိုယ့်တပ်တွေအတွက် ကိုယ် ငွေရှာနိုင်အောင် ရည်ရွယ်ပြီး ဘိန်းကုန်ကူးမှုကို တရားဝင်လုပ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာဘိန်းတပ်မတော်က စစ်ဗိုလ်ယုတ်ကြီးတွေ ဘိန်းနဲ့ ချမ်းသာကုန်ကြပါတယ်။ ရွှေတြိဂံဒေသမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်တွေဖြစ်တဲ့ လော်စစ်ဟန်နဲ့ ခွန်ဆာတို့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
နေဝင်းရဲ့ စစ်ဓားပြတပ်နဲ့ မဟာမိတ်လုပ်ပြီး လော်စစ်ဟန်က ကိုးကန့်ဒေသကို အခြေပြုပြီး ခွန်ဆာက လွိုင်မော်ဒေသ ဗဟိုပြုလို့ ဘိန်းခင်းတွေ တိုးချဲ့၊ ဘိန်းလုပ်ငန်းတွေနဲ့ ချမ်းသာကြီးပွားခဲ့ကြတာ ဖြစ်ပါတယ်။ လော်စစ်ဟန်ကို ထိုင်းစစ်တပ်က မြန်မာနိုင်ငံအတွင်း ဝင်ဖမ်းခဲ့ပြီး မြန်မာနိုင်ငံသားဖြစ်တာမို့ မြန်မာနိုင်ငံကို ပြန်အပ်ခဲ့တာမို့ စစ်ဓားပြဗိုလ်နေဝင်း အရှက်ကွဲခဲ့ရပါသေးတယ်။ မတတ်သာတော့ဘဲ ၁၉၇၃ ခုနှစ်မှာ တသက်တကျွန်း ဟန်ပြထောင်ဒဏ် အပြစ်ပေးခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖန်တီးလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် ၁၉၈၈ ခုနှစ်မှာ အာဏာထပ်လုခဲ့တဲ့ နဝတ စစ်ဓားပြအစိုးရ တက်လာတဲ့အခါ ထောက်လှမ်းရေးမိစ္ဆာ ခင်ညွန့်တို့က လော်စစ်ဟန်ကို ဘိန်းလုပ်ငန်းက ရခဲ့တဲ့ နိုင်ငံခြားငွေတွေ တရားဝင်ပိုင်ဆိုင်ခွင့် ပေးခဲ့တာမို့ ရန်ကုန်မှာ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး ဖြစ်လာရုံသာမက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထား ပူဇော်ကြတဲ့ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံ စေတီတော်ရဲ့ ရာသက်ပန် ဂေါပကအဖြစ် ဘိန်းဘုရင်ကို သူကောင်းပြုခဲ့ပါသေးတယ်။
ဘိန်းရာဇာနဲ့ ကျေးဇူးခံ ကျေးဇူးစား ထောက်လှမ်းရေး ခင်ညွန့်လည်း အဲ့ဒီအခါက အစပြုလို့ ပြည်တွင်းပြည်ပ နိုင်ငံတကာနယ်ပယ်ထဲမှာ ဖိုးခင်ညွန့် (No.4) လို့ အမည်ဆိုးရခဲ့သလို သူတို့လက်ထက် မြန်မာနိုင်ငံ ခရီးသွားနှစ် အထိမ်းအမှတ်အဖြစ် နိုင်ငံခြားခရီးသွားတွေ လာအောင် ဆွဲဆောင်တဲ့ ကြော်ငြာအဖြစ် ဟံသာဝတီအဝိုင်းအလယ်မှာ ပြထားတဲ့ ဖိုးဝရုပ်တုလက်မှာ ကိုင်ထားတဲ့ လက်ကိုင်အိတ်ဖုံးအမည်းပေါ်မှာ ဟီးရိုးအင်း ဘိန်းဖြူအမှတ်သင်္ကေတ (No.4) ကို တစုံတယောက်က လက်ဆော့ရေးသွားတာမို့ ပြည်သူလူထုက ဟားတိုက်ရီမော ပြောင်လှောင်ခဲ့ကြပါသေးတယ်။
ဘိန်းဘုရင်ခွန်ဆာရဲ့ ဘိန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြတဲ့ ဝလူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့ဟာလည်း နိုင်ငံခြားငွေ ကြွယ်ဝချမ်းသာကြတာကြောင့် ဘိန်းကရတဲ့ ဝင်ငွေတွေကို စစ်ဓားပြတပ်က ဗိုလ်ချုပ်ကြီးတွေ လက်ဝေခံပြီး ဝလူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်တွေ ခြေထောက်ကို ဖက်နေကြတာဂာ သမ္မတရူးဖို့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ အာဏာလု စစ်ဓားပြ မင်းအောင်လှိုင်တို့တိုင်အောင် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့လည်း WY လို့ခေါ်တဲ့ ရာဘ / ယာဘ / ရာမ / ယာမ / မြင်းဆေး / ကြယ်သီး / အသီး ဆိုပြီး နာမည်မျိုးစုံ စိတ်ကြွရူးသွပ်ဆေးပြားကို မြန်မာနိုင်ငံထဲကနေ အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးတယ်ဆိုတာ ခိုင်လုံတဲ့အချက်ရှိတယ်လို့ ယူဆရတာကြောင့် အမေရိကန် အစိုးရက ဖမ်းမိအောင် သတင်းပေးနိုင်ပါက ဆုတော်ငွေ ဒေါ်လာ ၂ သန်း ပေးမယ်လို့ ကြေညာခံထားရတဲ့ “ဝ” တပ်ဖွဲ့အကြီးအကဲ ‘ပေါက်ယူချန်း’ ကို ပြည်သတ်သမား မင်းအောင်လှိုင်က ငှက်သိုက်ပူပူလေး ဆေးရုံအထိ လိုက်တိုက်ခဲ့တာ လူတိုင်းသိပြီး ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မျိုးချစ်တပ်မတော်ကို ဘိန်းစားတပ်ဖြစ်သွားအောင် မူလပထမ စစ်အာဏာရှင် တဏှာရူးနေဝင်းက အစပြုလို့ အစိတ်သားသန်းရွှေတို့ ဖိုးခင်ညွန့်တို့ရဲ့ နဝတ၊ နအဖ စစ်ဓားပြ၊ ပြုပြင်ပြောင်းလဲရေး မျက်နှာဖုံးစွပ်ခဲ့တဲ့ ကြောင်ချီးသိန်းစိန်တို့ ချိတ်ထဘီဝတ် စစ်တပိုင်းဓားပြနဲ့ အခုနောက်ဆုံး မုသားကျွန် စစ်ဓားပြ မင်းအောင်လှိုင်ရဲ့ မီးရှို့ဓားပြအဖွဲ့အထိ လက်နက်ကိုင် လူမျိုးစု ဘိန်းကုန်သည်တွေနဲ့ ပုလင်းတူ ဘူးဆို့ ‘လက်ဝေခံခဲ့ရုံသာမက မူးယစ်ဆေးဝါးနဲ့ ဘိန်းလုပ်ငန်းရဲ့ နောက်ကွယ်က ပံ့ပိုးကူညီကြတဲ့ လက်မည်းကြီးတွေ’ ဖြစ်ခဲ့ကြပါတယ်။
နောက်ဆုံးတော့ မူးယစ်ဆေးဝါးကျွေးပြီး စစ်တိုက်ခိုင်း၊ ပြည်သူကိုသတ်ခိုင်းတာ ခံရရင်း အာဏာရှင် ခါးပိုက်ဆောင်တပ်က လက်ပါးစေ လူမိုက် လူ့အန္ဓ စစ်ဗိုလ် စစ်သား ရဲသားတွေဟာ တစတစ မူးယစ်ဆေးစွဲလာကြတာမို့ မူးယစ်ဆေးဝါးရဲ့ သခင်တပိုင်း ကျွန်ရိုင်းလည်းဖြစ်တဲ့ စစ်ရာဇဝတ်ဂိုဏ်း (သို့) မြန်မာ့ဘိန်းတပ်မတော်လို့ အမည်ပေး ကင်ပွန်းတပ်ရင် မှားမယ်မထင်ကြောင်းပါ။
မင်းကောင်းချစ်
နိုင်ကွက်ကိုင်လျက်၊
အပိုင်နှက်
ချုပ်ကွက်မိသတည်း။ ။
မြန်မာက တရုတ်ကို ချုပ်ကွက်နဲ့နိုင်
အောင်လအန်ဆန်းက တရုတ်ဖိုက်တာကို အနိုင်ရခဲ့တယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖန်ရောင်းကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။ ဖန်ရောင်းက အောင်လကို လှဲချပြီး အနိုင်ယူဖို့ ကြိုးပမ်းပေမဲ့ အောင်လက ဖန်ရောင်းရဲ့လည်ပင်းကို အမြန်ချုပ်နိုင်ခဲ့တဲ့အတွက် အဲဒီ “ချုပ်ကွက်” အောက်မှာ ဖန်ရောင်းက အရှုံးပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ အောင်လက သူ မြန်မာပြည်က ဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ပြောသွားခဲ့ပါတယ်။
ဒါက ဘီဘီစီမြန်မာပိုင်း သတင်းပါ။ မြန်မာကစားသမားက တရုတ်ကစားသမားကို ချုပ်ကွက်နဲ့ နိုင်လိုက်တာ။
တရုတ်က မြန်မာကို ချုပ်ကွက်နဲ့နိုင်
တရုတ်နိုင်ငံက မြန်မာကို နိုင်နေတာ ၁၉၈၈ ကတည်းကပါ။ ၈၈၈၈ အရေးတော်ပုံကြီးအပြီး ကမ္ဘာ့အသိုင်းအဝိုင်းက ဆန်ရှင်တွေလုပ်တော့ နဝတ နအဖ စစ်အစိုးရဟာ တရားအားထုတ် တရုတ်အားထားခဲ့ကြရပေတာပါ့။ ၃၅ နှစ်ကြာပါပြီ။ စီးပွားရေးအရ၊ သံတမန်ရေးအရ (ဗီတိုသုံးကန့်ကွက်ပေးတာမျိုး) တရုတ်ဟာ မြန်မာစစ်အုပ်စုကို ကူပေးတယ်။ ဒီတော့ စစ်အာဏာရှင်တွေဟာလည်း တရုတ်ခိုင်းသမျှ ခေါင်းညိတ်ကြရတော့တယ်။ တရုတ်စီမံကိန်းတွေ၊ တရုတ်ပရောဂျက်၊ တရုတ်ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းတွေ မြန်မာပြည်မှာ လက်ညှိုးထိုးမလွဲပေါ့။ မြန်မာပြည်က အကျိုးအမြတ်နည်းနည်းပဲရ၊ တရုတ်က အများကြီးရ ရင်နာစရာပါ့။ တရုတ်က မြန်မာကို ချုပ်ကွက်ရှိတာကိုး။
စစ်အာဏာရှင်ချုပ်ကွက် နိုင်ငံရေးပျက်
မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီဦးဆောင်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေထဲက တချို့တချို့သောသူတွေဟာ နှစ်ပေါင်းများစွာ သူတို့မွေးလာတဲ့ကြက် တရက်တည်းမှာ ရိုက်သတ် ချက်စားလိုက်ကြတယ်။ ဒီလို ရိုက်သတ်ချက်စားထားတာ ဘယ့်ကလောက် ကြာခဲ့ကြပြီလည်းတော့ မသိပါ။ နွေဦးတော်လှန်ရေးမှာ ဖားလား ငါးလား ကွဲကွဲပြားပြား သိလာရတာပါ။ ဘုံရန်သူ စစ်တပ်ကို တပ်ပေါင်းစုနဲ့ ညီညီညာညာ ဝိုင်းတိုက်ကြပါမယ်လို့ ကတိတွေ အကြိမ်ကြိမ် ရှိခဲ့ကြပြီးသားလေ။ သို့သော် ဒီနွေဦး ပွဲမှာတော့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ အယူဝါဒစုံ၊ ကိုးကွယ်ရာမတူ ဘာသာဝင်အသီးသီးက နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေချိန်မှာ သူတို့တတွေ မပါလာကြတော့ဘူး။ တချို့က တသီးပုဂ္ဂလပုံစံနဲ့၊ တချို့က အဖွဲ့လိုက်၊ တချို့က ခွဲထွက်ပြီး စစ်ဘောကို မသိမသာတမျိုး သိသိသာသာတမျိုးနဲ့တောင် မ နေကြပြီ။ ဒါတွေ ဖြစ်ရတာကလည်း ချုပ်ကွက်ပါပဲ။ စစ်အာဏာရှင်ချုပ်ကွက်၊ စစ်ကောင်စီချုပ်ကွက်။
စီးပွားရေးချုပ်ကွက် လောဘတက် အပျက်အပျက် နှာခေါင်းသွေးထွက်
တချိန်က လူမျိုးစုအရေး၊ ဒီမိုကရေစီအရေး၊ ကျောင်းသားအရေး၊ ဝါဒအရေး၊ ဘာသာရေး ရဲရဲတောက် သူရဲကောင်း ခေါင်းဆောင်များဟာ အခုတော့ စစ်တပ်ကပေးတဲ့ စီးပွားရေးလုပ်ခွင့်၊ လမ်းပရောဂျက်ပါမစ်၊ တံတားပရောဂျက်ပါမစ်၊ ကားပါမစ်၊ တိုက်ခန်း၊ အိမ်ရာ၊ မြေကွက်၊ ငွေကြေးအထောက်အပံ့၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကြား နွံနစ်သလို နစ်နေကြတာ သိသူတွေ သိကြပါရဲ့။ မသိသူများ လေ့လာထားကြပါ။ စစ်အာဏာရှင်ရဲ့ စီးပွားရေးချုပ်ကွက် သူတို့အကုန်ပျက်။ ဒါကြောင့် ကွယ်လွန်သူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြက ပြောခဲ့တာပေါ့။ “ရန်သူနဲ့ စေ့စပ်ဆွေးနွေးထားတဲ့သူတွေဟာ ဝှေးသင်းထားတဲ့ နွားသိုးတွေလိုပဲ။ မျိုးလည်းမပွားတော့ဘူး၊ ဝှေ့လည်း မဝှေ့တော့ဘူး၊ ရုန်းလည်း မရုန်းတော့ဘူး။ ဝတော့ ဝလာတယ်။” ဆိုတာလေ။ စစ်အုပ်စုရဲ့ စီးပွားရေးချုပ်ကွက်။ နွားသိုးဝှေးသင်း ချုပ်ကွက်။
ကိုယ်တွေ့ချုပ်ကွက် ရင်ဖွင့်ချက်များ
မန္တလေး မစိုးရိမ်တိုက်သစ် အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ ပျံလွန်တော်မမူခင်က ဖူးတွေ့ဖူးတယ်။ အဲ့သည်တုန်းက ခင်ညွန့်ခေတ်ပေါ့။ ဆရာတော်ကြီးဟာ ၁၉၉၁ ခုနှစ် စစ်တပ် သံဃာသတ်မှုကြောင့် ပတ္တနိကုဇ္ဇန သပိတ်ကံဆောင်လို့ ထောင်ကျခဲ့ရတုန်းက အတွေ့အကြုံတွေ ပြန်ပြောပြတယ်။ ဆရာတော်ကြီးဟာ ထောင်ထဲမှာလည်း ဝိနည်းနဲ့အညီပဲ နေတာကို သိက္ခာဖျက်ဆီးချင်တော့ သူ့ကိုချုပ်ထားတဲ့ အခန်းထဲကို မိန်းမလျာ ထောင်သားတယောက် လာထည့်ပေးဖို့ ကြိုးစားတယ်တဲ့။ တကယ်ဆို ထောင်စည်းကမ်းအရ အဲ့သည်လိုအခန်းမှာ ၃ ယောက် ထားရင်ထားတယ်။ မဟုတ်ရင် ၁ ယောက်တည်းပဲ ထားတယ်တဲ့။ ၂ ယောက်မထားဘူး၊ လိင်တူကိစ္စတွေ ဖြစ်ကြမှာစိုးတာတဲ့။ အဲ့သည်လို မိန်းမလျာ လာထည့်တော့ အဝင်မခံဘဲ ကန်ကျောက်ထုတ်ပစ်မှ ကိစ္စအေးသွားသတဲ့။ နိုင်ငံရေးသမားတွေကို အညွန့်ချိုးဖို့ ကြိုးစားတဲ့လုပ်ရပ်ဆိုပြီး ဆရာတော်ကြီးက မိန့်ဖူးတယ်။ “နိုင်ငံရေးသမားတွေကို အောက်လမ်းနည်းသုံး ချုပ်ကွက်ပေါ့ကွ။” ဆိုပြီး ဆရာတော်ကြီးက မိန့်ခဲ့ဖူးတာပါ။
အောက်လမ်းချုပ်ကွက်
နောက်တယောက်ကတော့ ရန်ကြီးအောင်စိန်ဝင်းလို့ ထင်ရှားတဲ့ ကျွန်းပြန်ကြီးတဦး၊ သူက တကသ ဒုဥက္ကဋ္ဌလည်း လုပ်ခဲ့ဖူးတဲ့ ကျောင်းသားခေါင်းဆောင်။ သံမဏိလိုမာသူ နိုင်ငံရေးသမားကြီး၊ သူက လူပျိုကြီး။ သူ့ကို အင်းစိန်ထောင်မှာ တယောက်တည်း အခန်းထဲမှာ ထားတုန်းကလည်း သူ့အခန်းထဲကို မိန်းမလျာ လာထည့်ဖူးတယ်။ သူက အဝင်လာမခံဘဲ မောင်းထုတ်ပစ်မှ ထောင်ဝန်ထမ်းတွေက မိန်းမလျာကို မသွင်းတော့တာ။ သမိုင်းရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို မိန်းမလျာချုပ်ကွက်နဲ့ သမိုင်းကွေးအောင် လုပ်မည့်အကြံ။
မြှုပ်ထားတဲ့ စစ်ထောက်လှမ်းရေးချုပ်ကွက်
အခုအခါ ဥက္ကဋ္ဌ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်က ပြောတယ်။ သူတို့အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတော့ တည်းခိုဆောင်မှာ နေရာချထားတာက ခင်ညွန့်ထောက်လှမ်းရေးကတဲ့။ ခေါင်းဆောင် ၅ ယောက် သွားတာကို သီးသန့် ၅ ခန်းမှာထားတယ်တဲ့၊ တခန်းနဲ့တခန်းက ဝေးတယ်တဲ့။ ညဆို အခန်းထဲကို စစ်ထောက်လှမ်းရေးတွေကလာပြီး အရက်ယူမလား၊ ဘာစားချင်သလဲ။ စော်လေးတွေ လိုချင်သလား လာ လာ မေးသတဲ့။ ဘာမှမလိုဘူး ပြောတာတောင်မှ ကောင်မလေးတွေ ခေါ်လာပြီး အခန်းထဲ အတင်းထည့်တာတဲ့။ ထွက်ပြေးရတာပေါ့တဲ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတဲ့ ကိုယ့်ခေါင်းဆောင် ငါးယောက်ကို ပြန်စုပြီး ၃ ရက်လုံးလုံး တခန်းထဲမှာပဲ စုအိပ်ခဲ့ရတာတဲ့။ ဒါမှမဟုတ်ရင် ကောင်မလေးတွေ အခန်းထဲ တိတ်တိတ်ကလေး လာထားပြီး ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေ ယူသွားမှာ ကြောက်ရသတဲ့။ သူ့အတွေ့အကြုံ ကြားခဲ့ရတာပါ။ တိတ်တိတ်ကလေး သူကလေးတွေကို အခန်းထဲလာထည့်ပြီး အချုပ်ခံခဲ့ရသူခေါင်းဆောင် ဘယ်နှစ်ယောက်များ ရှိခဲ့မည်လဲ။ ကောင်မလေးချုပ်ကွက်က အောင်လ ချုပ်ကွက်လိုမျိုးလားပေါ့။ ကောင်မလေးချုပ်ကွက် သုံးသလို ကောင်လေးချုပ်ကွက်လည်း ရှိနိုင်သတဲ့။
ချုပ်ကွက်မျိုးစုံ သုံးထားပုံမှာ အာဏာသိမ်းနိုင်ခဲ့ခြင်းလား
ခေါင်းဆောင်ဆိုသူများအား ထိုထိုချုပ်ကွက်များနဲ့ စစ်ထောက်လှမ်းရေးမှတ်တမ်းများနဲ့ စီးပွားရေး လူမှုရေး ငွေပေး လူပေး အထက်လမ်း အောက်လမ်း ချုပ်ကွက်မျိုးစုံနဲ့ ချုပ်ထားပြီးမှ အပီချုပ်နိုင်ပြီဆိုမှ စစ်အာဏာသိမ်းရဲခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း စစ်ခေါင်းဆောင်များ မလုပ်ရဲတာ မရှိဘူးလို့ ပြောထွက်ခဲ့တာပါ့။ ချုပ်ကွက်တွေကောင်းပါရဲ့။ ဒါပေမဲ့။
စစ်အာဏာအတွက် နိဂုံးချုပ်ကွက်
တရုတ်ကစားသမား ဖန်ရောင်းက အောင်လအန်ဆန်းကို ပြေးပြီး ချုပ်တာပါပဲ။ အောင်လ ပက်လက်လန်သွားခဲ့တယ်။ ဒါပေမဲ့ အောင်လက ပက်လက်အနေအထားကပဲ တရုတ်ရဲ့ လည်ပင်းကို ပြန်ချုပ်မိသွားတော့ တရုတ်က ကြမ်းပြင်ကို လက်နဲ့ပုတ်ပြီး အရှုံးပေးသွားရတယ်နော်။ အခုလည်း စစ်အာဏာရှင်တွေက ချုပ်ကွက်မျိုးစုံနဲ့ ချုပ်နေတာပါပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်သူတွေမှာလည်း စစ်အာဏာရှင်တွေကို ပြန်ချုပ်မယ့် ချုပ်ကွက်နည်းသစ်တွေ မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။ မရိုးသားသော ယုတ်မာသော ရက်စက်သော ကောက်ကျစ်သော မုသာဝါဒအားကြီးသော သော သော သော စစ်အာဏာရှင်တွေမှာတောင် သူတို့ဉာဏ်မီသလောက် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း စကားနဲ့ ပြောရရင်) သင်းတို့ဉာဏ် တထွာတမိုက်နဲ့ ချုပ်ကွက်တွေ ထုတ်နိုင်သေးရင်။ နွေဦးတိုက်ပွဲ ဝင်နေကြကုန်သော စွန့်စားသော ရဲဝံ့သော စွန့်လွှတ်သော ပညာဉာဏ်ကြီးမားသော ခေတ်မီသော သော သော သော မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံ မျိုးဆက်သစ် လူငယ်ထု၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံးကရော စစ်အာဏာရှင်ကို အနိုင်ယူမယ့် တန်ပြန်ချုပ်ကွက်တွေ ဘာကြောင့် မရှိနိုင်ရမည်လဲ။ သမ္မတကြီး ဦးဝင်းမြင့် DVB debate မှာ ပြောခဲ့သလို “ဠင်းတလောက်ကတော့ ငှက်တိုင်းလှပါတယ်။” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို “ဘာရမလဲ သာဝရယ်။” ဆိုတဲ့ စစ်အာဏာရှင်ကို နိုင်မည့် ချုပ်ကွက်တွေ မရှိဘူးလို့ မပြောနိုင်ပါဘူးနော်။ ။
မောင်တူး
ဗုဒ္ဓဘာသာဝင်များအတွက် သြကာသ အစချီသော ဘုရားရှိခိုးဆိုသည်မှာ နေ့စဉ်နှင့်အမျှ ရွတ်ဆိုနေသော တရားစာဖြစ်ပါသည်။ သူတပါးရွတ်ဆိုသံကို ကြားရသည့် အခါလည်း “ သာဓု သာဓု သာဓု” ဆိုသည့် မုဒိတာ စကားဖြင့် ကောင်းချီးပေးသည့် တရားစာ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အရွတ်ဖတ်ဆုံး တရားစာသည် သြကာသ ဘုရားရှိခိုး ဖြစ်သည်ဟု ဆိုက မမှားပေ။ သို့သော် သြကာသဘုရားရှိခိုးသည် ရွတ်ဖတ်ရန်အတွက် မဟုတ်ဘဲ လူနှင့် လူ့လောက၏ လွတ်လပ်ငြိမ်းချမ်းမှုအတွက် သိစရာကျင့်စရာကို ပြသနေသော လမ်းညွှန်တခု ဖြစ်သည်ကိုမူ သတိထားမိသူ နည်းပါးပါလိမ့်မည်။
သြကာသဘုရားရှိခိုးတွင် ကာယကံ၊ ဝစီကံ၊ မနောကံ တခုခု မှားယွင်း ချွတ်ချော်ခြင်း ရှိပါက ကန်တော့ပါသည်ဟု တောင်းပန်ခြင်းအပိုင်းနှင့် ကန်တော့ တောင်းပန်ခြင်း၏ အကျိုးတရားအဖြစ် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးမှ ကင်းဝေးရလိုကြောင်း ဆန္ဒပြုခြင်းအပိုင်းဟူ၍ နှစ်ပိုင်း ပါဝင်သည်။ တပိုင်းက အကြောင်းဖြစ်၍ နောက်တပိုင်းက အကျိုးဖြစ်သည်။ ကံဆိုးများကို ပြုခြင်းက အကြောင်းဖြစ်၍ ဘဝဆိုးများရခြင်းက အကျိုးဖြစ်သည်။ တနည်းအားဖြင့် ကံဆိုးများကို ပယ်ခြင်းက အကြောင်းဖြစ်၍ ဘဝဆိုးများမှ ကင်းဝေးခြင်းက အကျိုးဖြစ်သည်။ အရိယာသစ္စာလေးပါးကို အတိုဆုံး ဖော်ပြချက်ဟု ဆိုနိုင်သည်။
ကံအပြုအမူများ၏ အကြောင်းနှင့် အကျိုးသည် တဆက်တစပ်တည်း ရှိနေပါသည်။ ကံဆိုးကို ကျူးလွန်သည့်အတွက် လူဆိုးဘဝကို ရရှိခြင်း၊ ကံဆိုးကို ဖယ်ရှားလိုက်သည့်အခါ လူကောင်းဘဝသို့ ပြန်ရောက်သွားခြင်းသည် သက်သေပြစရာ မလိုအောင် ရှင်းသည်။ ခိုးသည့်ကံကို ကျူးလွန်သည့်အခါ သူခိုးဖြစ်သွားပြီး ယင်းခိုးသည့်ကံကို ဖယ်ရှား၍ မခိုးဘဲနေသည့် အကျင့်ကို ကျင့်သုံးပါက လူကောင်းဘဝ ပြန်ရောက်သွားပါသည်။ လူကောင်းက လူဆိုးအဖြစ်သို့ ပြောင်းလဲသွားခြင်း၊ လူဆိုးက လူကောင်းအဖြစ်သို့ ပြောင်းလဲသွားခြင်းများမှာ ကံ၏ အကောင်း အဆိုးပေါ်တွင် မူတည်သည်ကို အလွယ်သိနိုင်သည်။ ယင်းကဲ့သို့ လူ့အပြုအမူ၏ အကြောင်းနှင့် အကျိုးတို့ ဆက်စပ်ဖြစ်ပွားနေမှုကို ကြောင်းကျိုးဆက်နိယာမတရား (ကမ္မနိယာမ) ဟု ခေါ်သည်။
လူတိုင်းတွင် ကံအပြုအမူနှင့်ပတ်သက်၍ ယန္တရားစနစ်တခု ရှိသည်။ အပြုအမူတခုကို နှစ်သက် သဘောကျသွားလျှင် ယင်းအပြုအမူပုံတူကို အလိုအလျောက် သိမ်းဆည်းသည့်စနစ် ဖြစ်သည်။ သိမ်းဆည်းလိုက်သော ပုံတူအပြုအမူသည် လူ၏ ယန္တရားစနစ်အတွင်း၌ ဝင်ရောက် ကိန်းအောင်းသွားသည်။ ယင်းအပြုအမူကို သဘောကျစရာဟု မှတ်ချက်ပေးထားသဖြင့် ထပ်တလဲလဲ ဖြစ်ပေါ်လာအောင် ယန္တရားစနစ်က ဖန်တီးပေးသည်။ ပေါ်လာလိုက်၊ ကိန်းအောင်းသွားလိုက် လုပ်နေသော အပြုအမူသည် အားကောင်းသည်ထက် ကောင်းလာပြီးနောက် မလုပ်ရ မနေနိုင်သော အစွဲအပြုအမူ (Addicted Behaviour) ဖြစ်လာသည်။ ထိန်းမနိုင်သိမ်းမရ အစွဲရောဂါ (Obsessive- Compulsive Disorder) တမျိုးဟု ဆိုနိုင်ပါသည်။
(ဤဖြစ်စဉ်မှာ ကွန်ပျူတာ၏ ယန္တရားစနစ် (Operating System) အတွင်းသို့ ဗိုင်းရပ်စ် (Virus) တခု ဝင်သွားခြင်းနှင့် ဆင်တူသည်။ ဗိုင်းရပ်စ်ဝင်သွားလျှင် ဗိုင်းရပ်စ် ကွန်ပျူတာသည် ပုံမှန် အလုပ်မလုပ်တော့ဘဲ ဗိုင်းရပ်စ်အလိုအတိုင်းသာ လိုက်ရသည်။ နောက်ဆုံး ကွန်ပျူတာ၏ ယန္တရားစနစ် ပျက်စီးရသည်အထိ ဒုက္ခပေးပါသည်။)
လူတို့တွင် မလိုလားအပ်သော အပြုအမူများ ထပ်တလဲလဲ ဖြစ်ပွားနေတတ်သည်။ ယင်းအပြုအမူများကို လှုံ့ဆော်ဖန်တီးသည့်အရာသည် မသိစိတ် (Unconscious Mind) ဖြစ်သည်ဟု စိတ်ပညာရှင် ဖရွိုက် (Sigmund Freud) က ညွှန်းခဲ့သည်။ သူနှင့်ခေတ်ပြိုင် စိတ်ပညာရှင် ယွန်း (Carl Jung) က အရိပ်အတ္တ (Shadow Self) ဟု လည်းကောင်း၊ နောက်ပိုင်းကျသော စိတ်ပညာရှင်များ (Donald Winnicott, R.D.Laing) တို့က အတုအယောင်အတ္တ ( Fake Self , False Self , Pseudo Self) ဟုလည်းကောင်း ညွှန်းကြသည်။ လူ၏ အဇ္ဈတ္တတွင် ပုန်းအောင်းနေသည့် အရာတခု ရှိနေပြီး ယင်းအရာသည် လူ၏ အပြုအမူများကို ချုပ်ကိုင်နေသည်ဟု စိတ်ပညာရှင်များက ထုတ်ဖော်ပြောဆိုနေသည်။
လူ၏ပကတိခန္ဓာကိုယ်အတွင်းတွင် ကိန်းအောင်းနေသည့် အတ္တအတုများကို အစွဲခန္ဓာ
(ဥပါဒါနက္ခန္ဓာ) ဟု ဗုဒ္ဓဘုရားက အမည်ပေးသည်။ ယင်းအစွဲခန္ဓာများသည် အတ္တမဟုတ်ကြောင်း၊ အတ္တအတုများဖြစ်ကြောင်း အနတ္တလက္ခဏာသုတ္တန်တွင် ဟောခဲ့သည်။ ယင်းအစွဲခန္ဓာများသည် ကံဆိုး ကံမှားများကြောင့် လူ၏ယန္တရားစနစ်အတွင်း စွဲကပ်လာရကြောင်းနှင့် ယင်းအစွဲခန္ဓာများသည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ ဟူ၍ သုံးမျိုး ရှိကြောင်းလည်း ရှင်းပြသည်။ ယင်းဘဝသုံးမျိုးမှာ ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သောဘဝများ ဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သော သြကာသဘုရားရှိခိုးစာသည် ကြောင်းကျိုးဆက် ကမ္မနိယာမ (ပဋိစ္စသမုပ္ပါဒ်) အညီ ရေးသားစီရင်ထားခြင်းဖြစ်ပြီး ယင်းဘုရားစာတွင် ပါသည့် ရပ်ပြစ်ရှစ်ပါးသည် ကံအပြုအမူများအလျောက် လူတွင် စွဲကပ်လာသော ဘဝများ ဖြစ်ပါသည်။ လူတို့၏ အပြုအမူများနှင့် သူတို့ ရနေသောဘဝများကို သြကာသ ဘုရားရှိခိုးစာဖြင့် စစ်ဆေးကြည့်နိုင်ပါသည်။
ကြောင်းကျိုးဆက်ကမ္မနိယာမနှင့်အညီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကဲဖြတ်ကြည့်ပါက သူ၏ လက်ရှိဘဝကို အထင်းသားမြင်ရပါလိမ့်မည်။ မင်းအောင်လှိုင်သည် အလွန်ဆိုးရွား မှားယွင်းသော ကံများကို ကျူးလွန်နေသောကြောင့် အကျိုးဆက်အားဖြင့် ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သော တိရစ္ဆာန်ဘဝကို ရရှိနေသည်ဟု အဖြေထွက်ပါသည်။
မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော်၏ စစ်ဦးစီးချုပ် ဖြစ်သည်။ မြန်မာ့တပ်မတော် ဆိုသည်မှာ မြန်မာပြည်သူပြည်သားတို့က သူတို့အား ကာကွယ်စောင့်ရှောက်ရန်အတွက် သူတို့ငွေကြေးဖြင့် ဖွဲ့စည်းတည်ထောင်ထားသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ စစ်ဦးစီးချုပ်၏ တာဝန်မှာ သူ ဦးစီးသော လက်နက်ကိုင်အဖွဲ့ကို ပြည်သူလူထု၏ ဘဝလုံခြုံရေးအတွက် အလုပ်လုပ်အောင် ကွပ်ကဲညွှန်ကြားရခြင်း ဖြစ်သည်။
မင်းအောင်လှိုင်နှင့် သူ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ရမည့်အစား ပြည်သူလူထုထံမှ အာဏာကို အတင်းလုယူပြီး ဆန့်ကျင်သူ မှန်သမျှကို ဖမ်းဆီးချုပ်နှောင်နေပါသည်။ ညှဉ်းဆဲသတ်ဖြတ်နေပါသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူမျိုးစု ပျက်သုဉ်းအောင် သတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ် ပြုန်းတီးအောင် သတ်ဖြတ်ခြင်း စသည့် အဆိုးရွားဆုံးသော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေပါသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရမည့်အစား သုတ်သင် ဖျက်ဆီးနေသည်မှာ အမှန်တရားကို လုံးဝဖီလာဆန့်ကျင်ခြင်း ဖြစ်သည်။ သူ့အား ကျွေးမွေးနေခဲ့သော ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေခြင်းမှာ အမှန်တရားကို ဆန့်ကျင်သည့် ကံဆိုး ကံမှားများကို ကျူးလွန်ခြင်း ဖြစ်သည်။ ကတိသစ္စာပြုထားသည့် တာဝန်ကို မကျေပွန်ဘဲ တပ်မတော်ကို အလွဲ သုံးစားလုပ်ကာ နိုင်ငံတော်ကို သစ္စာဖောက်ခြင်းမှာ အမှန်တရားကို ကျောခိုင်းခြင်းပင် ဖြစ်သည်။ ဘာမဆိုလုပ်ရဲသည်ဟု ပြောခဲ့သော မင်းအောင်လှိုင်၏ စကားသည် မည်သို့သောအမှားမျိုးမဆို ကျူးလွန်ရဲသည် ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူ၏ လုပ်ရပ်များက သက်သေပြနေပါသည်။
အမှန်တရားနှင့် ဖီလာဆန့်ကျင်သောသူကို ပါဠိဘာသာစကားဖြင့် “ တိရစ္ဆာန်” ဟု ခေါ်သည်။ ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သော တိရစ္ဆာန်သည် ဆိုးရွားသော ကံမှား ( အပြု အမူမှား) တို့ကို ထပ်ကာတလဲလဲကျူးလွန်နေသောသူကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းသို့ အမှားကျူးလွန်ရခြင်းကို သဘောကျကျေနပ်နေခြင်းမှာ ယင်းဘဝကို လုံးဝ လက်ခံလိုက်ကြောင်းကို ပြပါသည်။ အမှားကျူးလွန်ရခြင်း၌ ပျော်ရွှင်နေသော တိရစ္ဆာန်အဖြစ်သို့ ဇာတ်ပြောင်းသွားသော မင်းအောင်လှိုင်ဟု ဆိုရပေလိမ့်မည်။
ရပ်ပြစ်ရှစ်ပါးထဲက လူ့တိရစ္ဆာန်ဘဝသို့ သက်ဆင်းရခြင်းမှာ လူတယောက်အဖို့ အောက်တန်း အကျဆုံးဖြစ်သလို ထိတ်လန့်စရာအကောင်းဆုံးလည်း ဖြစ်ပါသည်။
ရပ်ပြစ်ရှစ်ပါးတွင်ပါဝင်သော ဘဝတခုခုသို့ ကျရောက်သူသည် ဘယ်တော့မှ လူ့အဖွဲ့ အစည်းကလက်ခံနိုင်သည့် လူအဖြစ်သို့ ပြန်မရောက်နိုင်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ရပ်ပြစ်ရှစ်ပါးအတွင်းက ဘဝတခုခုသို့ သက်ဆင်းရသူသည် ဦးနှောက်ပျက်စီးသွားသောကြောင့်ဖြစ်သည်။
လူ၏ဦးနှောက်တွင် လူ၏အပြုအမူများနှင့်ပတ်သက်၍ ထိန်းချုပ်သော အစိတ်အပိုင်းများ ရှိပါသည်။ မည်သည့်အပြုအမူများက ကောင်းမွန်မှန်ကန်၍ မည်သည့်အပြုအမူများက ဆိုးရွား မှားယွင်းသည်ဟု ဝေဖန်ခွဲခြားပေးသော ဦးနှောက် အစိတ်အပိုင်း၊ ကောင်းမွန်သောအပြုအမူများကို မှတ်သားသိမ်းဆည်းထားသည့် ဦးနှောက်အစိတ်အပိုင်း၊ ကံဆိုးကံမှားတို့ကို ဖယ်ရှားနိုင်သည့် အတတ်ပညာတို့ကို မှတ်သားသိမ်းဆည်းထားသော ဦးနှောက်အစိတ်အပိုင်း၊ လူနှင့် လူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေးရစေသည့် ကိုယ်ကျင့်တရားများကို မှတ်သားထားသော ဦးနှောက်အစိတ်အပိုင်း စသဖြင့် ရှိနေပါသည်။
အမှားကျူးလွန်ရခြင်းကို သာယာသော လူ့တိရစ္ဆာန်တို့တွင် ယင်းကဲ့သို့ အမှား အမှန် ခွဲခြားပြီး အမှန်တရားကို ကျင့်သုံးအောင် ထိန်းသိမ်းပေးသည့် ဦးနှောက်အစိတ်အပိုင်းသည် လုံးဝပျက်ယွင်းသွားပါသည်။ ရာဇဝတ်သားများ၏ ဦးနှောက်ကို စစ်ဆေးသည့်အခါတွင် အပြုအမူ မမှားအောင် ထိန်းချုပ်သော ဦးနှောက်အစိတ်အပိုင်းများ ပျက်ယွင်းနေသည်ကို တွေ့ရသည်ဟု ဦးနှောက်သိပ္ပံပညာရှင်များက ဆိုပါသည်။ ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သော ဘဝများမှာ ဦးနှောက်ပျက်စီးသွားသည့်ဘဝများ ဖြစ်သည်။ အမှား အမှန် မခွဲခြားတတ်သော၊ တရား မတရား ခွဲခြားမသိနိုင်သော ဘဝများ ဖြစ်သည်။
ဦးနှောက်ပျက်ယွင်းသည့် လူ့တိရစ္ဆာန်ဘဝသို့ ကျရောက်သွားသောသူမှာ စစ်ဦးစီးချုပ်ဟူသော ရာထူးကို ရယူထားသူဖြစ်လေရာ သူ ဦးစီးရသော တပ်မတော်သားတို့ကိုလည်း သူ့နည်းတူ ကံဆိုး ကံမှားများ ကျူးလွန်အောင် အမိန့်ပေးပါသည်။ သို့ဖြင့် ပဇီကြီးကျေးရွာ ဗုံးကြဲသတ်ဖြတ်မှုကဲ့သို့ လူမဆန်သော စစ်ရာဇဝတ်များ ဖြစ်ပွားလာရပေသည်။ တပ်မတော်သားတို့ကိုလည်း သူ့နည်းတူ လူ့တိရစ္ဆာန်ဖြစ်အောင် ဇာတ်သွင်းနေခြင်း ဖြစ်သည်။
လူမဆန်သော မင်းအောင်လှိုင်ကို ငရဲခွေးကြီးတကောင်အဖြစ် ခိုင်းနှိုင်းကြသည်မှာ မှားသည်ဟု မဆိုသာပါ။ သူ၏အမိန့်ပေးခိုင်းစေမှုကြောင့် မြန်မာနိုင်ငံသည် ငရဲပြည်တခုလို ဆင်းရဲဒုက္ခ လောင်မီးကျနေပါသည်။ ပျက်သုဉ်းနိုင်ငံ (Failed State) ထက်အဆင့်နိမ့်သော ပစ္စန္တရာဇ်အရပ်အဖြစ်သို့ပင် ရောက်လုလုဖြစ်နေသည်။ ပစ္စန္တရာဇ်အရပ်မှာ အမှန်တရား လုံးဝကင်းမဲ့သဖြင့် လူမနေအပ်သောနေရာဟု အဓိပ္ပာယ်ရှိသည်။
လူမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြင့် မြန်မာနိုင်ငံကို ပစ္စန္တရာဇ်အရပ် ဖြစ်အောင် ပြောင်းလဲနေသည့် လူ့တိရစ္ဆာန်က ဘာသာသာသနာဆိုင်ရာ စေတီပုထိုးများကို တည်ဆောက်ပြနေခြင်း၊ ဘာသာရေးဆိုင်ရာ အလှူအတန်းများကို လုပ်ပြနေခြင်း၊ ဗုဒ္ဓသာသနာပြုသူများနှင့်သာ ထိုက်တန်သော မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ထူးကို ရယူခြင်း၊ နိုင်ငံ၏ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်သူများနှင့်သာ ထိုက်တန်သော သတိုးမဟာသရေစည်သူဘွဲ့များအား ရယူနေခြင်း စသည့်လုပ်ရပ်များသည် မြန်မာနိုင်ငံကို မင်္ဂလာတရားနှင့်ပြည့်စုံသည့် ပတိရူပအရပ်အဖြစ်သို့ ပြောင်းလဲရန် ကြိုးစားနေကြသော နွေဦးတော်လှန်ရေးအပေါ် စော်ကားမော်ကား ပြက်ရယ်ပြုနေခြင်းသာဖြစ်သည်ဟု ပြောရုံမှတပါး အခြားမရှိပါ။ ။