close

ဆောင်းရာသီ

close

December 6, 2021

ဆောင်းရာသီ အအေးဒဏ်ခံနေရသည့် ကယားစစ်ဘေးရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

တောတောင်တွေကြားမှာ ယာယီတဲထိုးကာ နေထိုင်နေရပြီး ဒီဇင်ဘာလ ဆောင်းရာသီရဲ့ လွန်ကဲအအေးဒဏ်ကို ခံစားနေရတဲ့ ကယားပြည်နယ်က  စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အို ကလေးလူကြီးပါမကျန် ကျန်းမာရေးထိခိုက်နေကြတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။ 

လက်ရှိ ရာသီဥတုမှာ အအေးလွန်ကဲနေတာကြောင့် အနွေးထည်၊ စောင်နဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ 

“ကျန်းမာရေးတွေလည်းမကောင်းတော့ဘူး။ တချို့ဆိုရင် လေငန်း ဖြတ်သလိုတောင်ဖြစ်နေကြပြီ။ တအားအေးလို့။ ခက်ခဲတာကျတော့ အမျိုးစုံရှိတယ်ပေါ့။ ဒါပေမဲ့ ကျန်တာတွေတော့ အဒေါ်တို့လည်း မပြောတတ်တော့ဘူး။ ဆောင်းတွင်းလည်း ရောက်လာတော့ အအေးတွေလည်းများလာတယ်။ နောက်ပြီးတော့ ကျန်းမာရေးတွေလည်း သိပ်မကောင်းတော့ဘူး။ နှာစေးချောင်းဆိုး၊ တချို့တွေဆိုရင်လည်း အော့အန်၊ ဝမ်းတွေသွားတာလည်း တချို့ရှိတယ်။ ဒီမှာနေရတာလည်းခက်ခဲတယ်။ သွားလာရေးကလည်း ခက်ခဲတယ်။”

ကယားပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်က ပေးပို့တဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက စစ်ဆေး၊ ပိတ်ဆို့၊ သိမ်းဆည်း ဖျက်ဆီးတာတွေ ရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးရရှိဖို့နဲ့ ဆေးကုသဖို့လည်း ခက်ခဲနေကြပါတယ်။

စစ်ရှောင်မိန်းကလေးတဦးက “ဆေးတောင်မှ ဆရာမဆီသွားရင် တလုံးနှစ်လုံးပဲ ပေးတယ်ပေါ့နော်။ အဖျားလည်း သိပ်မပျောက်ဘူး။ အခုကျတော့ နှာစေး၊ ချောင်းဆိုး၊ ဝမ်းလျောတာတွေ အများအားဖြင့် ဖြစ်ကြတာများတယ်။ အဲလို လူအများ ဖျားန ကြတယ်။ တုပ်ကွေးရောဂါတို့ပေါ့နော်။ အဲကြောင့် လူတွေ ရွာမှာပြန်နေကြတယ်။ ရွာမှာ ပြန်နေတော့ စစ်ဖြစ်ပြန်တော့လည်း ပြန်ပြေးရတယ်လေ။ အဲဒါကြောင့် အဆင်မပြေဘူးပေါ့” လို့ ပြောပါတယ်။ 

ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့  နေအိမ် အလုံး ၁၀၀ ကျော်ကိုလည်း  အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒါ့အပြင် တပ်စခန်းကနေ လူနေရပ်ကွက်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၆ လုံး၊ လူနေအိမ် ၂၀၀ ကျော်လည်း ကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ နယ်မြေစိုးမိုးနိုင်ရေးအတွက် အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချတာ၊ ခရီးသွားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် အလောင်း‌ဖျောက်တာတွေလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဒါ့ကြောင့် အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတာ ရပ်တန့်ပေးဖို့ စစ်ရှောင်တွေက တိုက်တွန်း တောင်းဆိုပါတယ်။

ဒေသခံစစ်ဘေးရှောင် အမျိုးသမီးတဦးက “နယ်ချဲ့တာတွေ မလုပ်တော့ပါနဲ့လို့။ မင်းတို့ခေါင်းဆောင် မကောင်းတာတွေနဲ့ လိုက်မတုတော့ပါနဲ့။ အကုန်လုံးပြည်သူလူထုပါ။ သူတို့လည်း ပြည်သူလူထုရဲ့သားသမီးပဲလေ။  ပြည်သူကို ငဲ့ညာပါဦးလို့ တအားလည်းဒုက္ခရောက်နေပြီ၊ ပြည်သူတွေက လယ်တွေလည်းမလုပ်ရ၊ တောင်ယာတွေလည်းမလုပ်ရ၊ အခုဆို အကူအညီထောက်ပံ့ရလို့သာ စားနေရတာ။ လယ်တွေဆိုရင်လည်း မလုပ်ရတော့ဘူး။ တောင်ယာတွေဆိုရင်လည်း မလုပ်ရတော့ဘူး။ ဒီကြားထဲ ကလေးတွေအသက်တွေလည်း အားလုံးဆုံးရှုံးရပြီ။ ဘဝအပျက်ခံရတဲ့သူတွေလည်း ပျက်ရပြီ” လို့ ပြောပါတယ်။ 

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ ၈၀၀၀၀ ကျော်ဟာ တောတောင်တွေကြား စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

15 hours Ago

October 22, 2021

ကျောက်မဲ စစ်ရှောင်စခန်းတွင် ဆောင်းရာသီ စောင်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

ဆောင်းရာသီရောက်လာတာကြောင့် ရှမ်းပြည်နယ် ကျောက်မဲမြို့က စစ်ဘေးရှောင်တွေနေတဲ့ မန်ခါဘုန်းကြီးကျောင်း စစ်ရှောင်စခန်းမှာ စောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့သိ ရပါတယ်။

"​ဆောင်းရာသီထဲရောက်လာတော့ စောင်တွေလိုလာတယ်၊ စောင်တွေမလုံလောက်တော့တာ၊ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေဆဲပဲ။ ရာသီဥတု အကူးအပြောင်းဆိုတော့ ဖျားတဲ့သူလည်း များတယ်" လို့ စစ်ရှောင်စခန်းက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းကို လူအသစ်ထပ်ရောက်လာတာမရှိပေမယ့် အလှူရှင်နည်းသွားသလို စစ်ရှောင်စခန်းမှာလည်း ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေများတဲ့အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

"ဒီကိုရောက်တာ နှစ်လကျော်ပြီ၊ အလှူရှင်လည်းမရှိတော့ဘူး၊ စားဖို့ ဟင်းနဲ့ ဆီတွေ အခက်ခဲရှိလာတယ်။ ဖျားတဲ့သူတွေလည်း ရှိလာတယ်၊ ဆရာဝန်တော့မရှိဘူး၊ လာလှူတဲ့ဆေးတွေ တိုက်ရတယ်” လို့ ဒေသခံက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဖျားတဲ့သူတွေကို ကြည့်ပေးမယ့်ဆရာဝန်မရှိဘဲ အလှူရှင်တွေလာလှူတဲ့ ဆေးတွေကိုပဲ တိုက်ရပြီး မသက်သာတဲ့အခါ မြို့ပေါ်ဆေးခန်းတွေကို ပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါမဟုတ်ပေမယ့် ရာသီတုပ်ကွေးကြောင့် ဖျားတဲ့သူများတယ်လို့ သိရပြီး အခုလက်ရှိမှာ လာလှူထားတဲ့ဆေးတွေလည်း မကျန်တော့တာကြောင့် ဆေးဝါးတွေပါ လိုအပ်လာတာလို့ သိရပါတယ်။

မန်ခါဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် အသက် ၁၀၁ နှစ် အဖွားအပါအဝင် ကျား ၈၀၊ မ ၈၅ စုစုပေါင်း ၁၆၅ ယောက်ရှိတယ်လို့ သိရပါတယ်။

2 months Ago
Up