စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ နည်းလမ်းမျိုးစုံနဲ့ ဆောမြို့နယ်အတွင်း ကျူးကျော်ဝင်ရောက်လာနေကြတာကြောင့် လမ်းပိုင်း ၃ ခုကို အသုံးမပြုကြဖို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားပါတယ်။
ကြေညာချက် ထုတ်ပြန်တဲ့ မတ် ၃ ရက်က စတင်ကာ ဆော-ကျောက်ထု လမ်းပိုင်း၊ ဆော-ဆိပ်ဖြူ လမ်းပိုင်း၊ ဆော-လောင်းရှည် လမ်းပိုင်းတွေ အသုံးပြု သွားလာတာတွေကို လုံခြုံရေးအရ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ တားမြစ်လိုက်တာပါ။
တကယ်လို့ မဖြစ်မနေ ဖြတ်သန်းသွားလာရမယ်ဆိုရင်လည်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို အကြောင်းကြား အသိပေးပြီးမှ ဖြတ်သန်းသွားလာခြင်း ပြုကြဖို့ နှိုးဆော် ထားပါတယ်။
မကွေးတိုင်း ဆောမြို့နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ လနဲ့ချီ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီယာဥ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေနဲ့ အတူ အခြေအနေတွေ ပိုပြီးတော့ ဆိုးဝါးလာနေခဲ့တာပါ။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထား ခဲ့တာ ၁ နှစ် ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း စစ်ကောင်စီ တပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၅၉၀ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။