close

ဆော်ဒီလေပိုင်နက်

close

July 18, 2022

လေကြောင်းလိုင်းများ ပျံသန်းရန် ဆော်ဒီလေပိုင်နက်ဖွင့်ပေးမှုကို ကြိုဆိုကြောင်း အစ္စရေး ပြော

အစ္စရေးလေကြောင်းလိုင်းတွေ ဖြတ်ကျော်ပျံသန်းဖို့ ဆော်ဒီအာရေဗျ လေပိုင်နက်ကို ဖွင့်ပေးရေး အကောင်အထည်ဖော်ရာမှာ အချိန်ယူရမှာဖြစ်ပြီး လေပိုင်နက် ဖွင့်ပေးတာကို ကြိုဆိုတယ်လို့ အစ္စရေး သယ်ယူပို့ဆောင်ရေး ဝန်ကြီး မရပ်ဗ် မီဟဲလီက ဇူလိုင် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ 

ဆော်ဒီအစိုးရက ဇူလိုင် ၁၅ ရက်နေ့ မကြေညာခင်က အစ္စရေး လေကြောင်းလိုင်းတွေဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ ဘာရိန်းကို သွားတဲ့ လေကြောင်းခရီးစဉ‌ေအတွက်သာ ဆော်ဒီ လေပိုင်နက်ကို ဖြတ်ကျော် ပျံသန်းနိုင်ပါတယ်။

ခုတော့ ကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်လို့ အာရှခရီးစဉ်တွေအတွက်ပါ ဆော်ဒီလေပိုင်နက်ကို ဖြတ်သုံးခွင့် ရနိုင်လာတာ ဖြစ်ပါတယ်။ 

အစ္စရေးနဲ့ ဆော်ဒီကြား ပွင့်လင်းတဲ့ ဆက်ဆံရေးတွေ မရှိတာကြောင့် အိုမန်နိုင်ငံထဲမှာ အပါအဝင် ဆွေးနွေးပွဲတွေ လုပ်ခဲ့ရပြီး အကောင်အထည်ဖော်ဖို့ အနည်းဆုံးအနေနဲ့ သီတင်းပတ်ချီ အချိန်ယူရနိုင်တယ်လို့ မီဟဲလီက ပြောပါတယ်။

နှစ်နိုင်ငံ အရပ်ဘက်လေကြောင်း အာဏာပိုင်တွေ အချင်းချင်း ပြောဆိုချိန်မှာ အချိန်တချို့ ယူကောင်း ယူရနိုင်ပေမယ့် လုပ်ငန်းစဉ်တော့ စနေပြီဖြစ်ကြောင်း၊ ဒါဟာ အစ္စရေးအတွက် အင်မတန် အရေးကြီးကြောင်း၊ ဒီသဘောတူညီချက်ဟာ အချိန်တွေ ငွေတွေ အများကြီး သက်သာစေလိမ့်မယ်လို့ မီဟဲလီက ပြောပါတယ်။

နိုင်ငံဖြတ်ကျော် လေကြောင်းခရီးစဉ် တိုးချဲ့ရေးအတွက် အမေရိကန်က ကြားဝင် ဖျန်ဖြေ ပေးခဲ့တာဖြစ်ပြီး ဆော်ဒီအစိုးရဟာ အစ္စရေးအစိုးရကို တရားဝင် အသိအမှတ် မပြုရသေးပါဘူး။ 

အစ္စရေးနဲ့ ဆော်ဒီ အရပ်ဘက်လေကြောင်း အေဂျင်စီတွေကြား နောက်ဆုံးမှာ တိုက်ရိုက် ညှိုနှိုင်း ဆွေးနွေးလာကြလိမ့်မယ်လို့ မီဟဲလီက ဆက်ပြောပါတယ်။ 

El Al Israel လေကြောင်းလိုင်းနဲ့ ပြိုင်ဘက် Arkia နှစ်ခုစလုံးဟာ ဆော်ဒီလေပိုင်နက်ကို ပျံသန်းခွင့်ပြုဖို့ လျှောက်ထားပြီးပါပြီ။ ဖြတ်ပျံခွင့်ရခဲ့ပါက အိန္ဒိယနဲ့ ထိုင်းနိုင်ငံကို ပျံသန်းချိန် ၂ နာရီခွဲလောက် လျော့သွားမယ်လို့ လေကြောင်းလိုင်းတွေက ဇူလိုင် ၁၇ ရက်နေ့က ပြောပါတယ်။ 

အစ္စရေးနိုင်ငံက မွတ်စလင် လူနည်းစုတွေ လာမယ့်နှစ် ဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီ အာရေဗျနိုင်ငံဆီကို တိုက်ရိုက်ပျံသန်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးအရာရှိတဦးက ဇူလိုင် ၁၆ ရက် မှာ ပြောခဲ့ပါတယ်။ 

13 hours Ago
Up