close

ဆော်ဒီ လေဆိပ်

close

September 1, 2021

ဆော်ဒီလေဆိပ်ကို ဟူသီများက ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်၊ လူ ၈ ဦးထက်မနည်း ဒဏ်ရာရ

ဆော်ဒီအာရေဗျနိုင်ငံ အာဘာလေဆိပ်ကို ယီမင်နိုင်ငံက ဟူသီတွေက သြဂုတ် ၃၀ ရက်မှာ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ လူ ၈ ဦးထက်မနည်း ဒဏ်ရာရပြီး အရပ်ဘက် လေယာဉ်တစီး ပျက်စီးခဲ့တယ်လို့ ဆော်ဒီအစိုးရရုပ်သံက သတင်းထုတ်ပြန်ပါတယ်။

ယီမင်နိုင်ငံထဲက ဟူသီအုပ်စုတွေကို တိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ အာဘာ နိုင်ငံတကာလေဆိပ်ကို ပစ်မှတ်ထားနေတဲ့ ဟူသီဒရုန်းယာဉ်ကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ အစောပိုင်းက ပြောခဲ့တာပါ။ လေဆိပ်မြင်ကွင်းတခုလုံးမှာ အပျက်အစီးတွေ ပြန့်ကျဲနေတယ်လို့ ညွန့်ပေါင်းတပ်က ပြောပါတယ်။

အက္ခဘားရီးယား ရုပ်သံကတော့ လက်နက်တွေ တပ်ဆင်ထားတဲ့ ဒုတိယ ဒရုန်းယာဉ်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး အပျက်အစီးတွေကြောင့် လူ ၈ ယောက် ဒဏ်ရာရကာ လေဆိပ်ထဲက အရပ်ဘက် လေယာဉ်တစီး ပျက်စီးခဲ့တယ်လို့ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

ဟူသီတွေက ဒီတိုက်ခိုက်မှုအတွက် တာဝန်ခံကြောင်း မကြေညာခဲ့ပါဘူး။ ဒါပေမဲ့ အီရန်နဲ့ မဟာမိတ် ဟူသီအုပ်စုဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ဒုံးကျည်တွေ၊ ဒရုန်းယာဉ်တွေနဲ့ ပုံမှန် ပစ်ခတ်လေ့ရှိတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ ယီမင်နိုင်ငံအရေးကို ၂၀၁၅ မှာ ဝင်ရောက် စွက်ဖက်ခဲ့တာပါ။ ဖြုတ်ချခံသမ္မတ အဘ်ဒယ်ရာဘူ မန်ဆော်ဟာဒီရဲ့ တပ်တွေကို ကျောထောက်နောက်ခံပေးပြီး ဟူသီတွေကို တိုက်နေပါတယ်။

7 mins Ago
Up