ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းက ပယ်ဖျက်ပြီး တရားဝင် သုံးစွဲခွင့်ပြုလိုက်တဲ့ဥပဒေ အသက်ဝင်ခဲ့တဲ့ ၅ ရက်အတွင်း ဆေးခြောက်လွန်ကဲစွာ သုံးစွဲတဲ့အတွက် သေဆုံးသူ ၁ ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ ၃ ဦးရှိပြီး အဲဒီထဲက အရေးပေါ် အိုင်စီယူခန်းရောက်နေသူ ၁ ဦးရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘန်ကောက်မှာ ဆေးခြောက်လွန်ကဲစွာသုံးစွဲမှု (overdose) ကြောင့် ကျရုန်းကွန်းပချားရတ် ဆေးရုံမှာ တက်ရောက်နေတဲ့ အသက် ၅၁ နှစ်အ ရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး တာ့ခ်ဆင် ဆေးရုံမှာတော့ အသက် ၁၇ နှစ်နဲ့ ၂၅ နှစ်ရွယ် လူငယ် ၂ ဦး ရောက်ရှိနေကြောင်း လက္ခဏာမှာ နှလုံးခုန် ရင်တုန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုံဖော့ ထဝီဆဒ်ဆေးရုံမှာလည်း ၁၆ နှစ်အရွယ် လူငယ် ၁ ဦး overdose ကြောင့် အရေးပေါ် အိုင်စီယူခန်းထဲမှာ တက်ရောက်ကုသနေရတယ်လို့ ဘန်ကောက်ခရိုင်ဝန် နိုင်းချာ့ချတ် ဆစ်ထိဖန်းက ဇွန် ၁၄ ရက် ဌာနပေါင်းစုံအစည်းအဝေးမှာ ပြောပါတယ်။
ဒါက ပြည်သူတွေအနေနဲ့ ဆေးခြောက်ဆိုင်ရာ အသိပညာအားနည်းနေတာကို ပြသနေကြောင်း၊ ဘန်ကောက်ခရိုင်အနေနဲ့ ဒီကိစ္စပေါ် စိုးရိမ်ပူပန်မှုရှိနေကြောင်း၊ ဒါကြောင့် ပြည်သူ့ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဆေးခြောက်သုံးခြင်းဟာ တခြားမူးယစ်ဆေးတွေဆက်သုံးဖို့ တံခါးဖွင့်လိုက်သလို ဖြစ်တာကြောင့် လူငယ်တွေကို မသုံးစွဲစေလိုကြောင်း၊ ဒါကြောင့် စာသင်ကျောင်းက မုန့်ဆိုင်တွေမှာလည်း ဆေးခြောက်ပါတဲ့ မုန့်တွေ မရောင်းချဖို့ တားမြစ်ရမယ်လို့ ဘန်ကောက်ခရိုင်ဝန်က ပြောသွားပါတယ်။
ကိုးကား- ChiangMaiNews