မက္ကဆီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံက ဆေးခြောက်သုံးစွဲသူတွေ ထောင်နဲ့ ချီပြီး မနေ့က ကမ္ဘာလုံးဆိုင်ရာ ဆေးခြောက်နေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြပါတယ်။
မေလရဲ့ ပထမဆုံး စနေနေ့ကို ကမ္ဘာလုံးဆိုင်ရာ ဆေးခြောက်နေ့အဖြစ် မြို့တော်တော်များများမှာ ၁၉၉၉ ခုနှစ်ကတည်းက ကျင်းပလာတာပါ။
ဒီနှစ်မှာလည်း မက္ကဆီနိုင်ငံ မက္ကဆီကိုစီးတီးမြို့နဲ့ ဘရားဇီးနိုင်ငံ ရီယိုဒီဂျနဲရိုးမြို့တွေမှာ လူစုလူဝေးနဲ့ ချီတက်ကြပြီး ဆေးခြောက် သုံးစွဲတာ၊ ထုတ်လုပ်တာ၊ အရောင်းအဝယ် လုပ်တာတွေကို ရာဇဝတ်မှုကနေ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုကြတာပါ။
မနှစ်တုန်းက မက္ကဆီကိုနိုင်ငံ အောက်လွှတ်တော်က ဆေးခြောက်ကို ဆေးဝါးအဖြစ် မှီဝဲနိုင်ဖို့ ခွင့်ပြုတဲ့ ဥပဒေကို အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် အဲဒီဥပဒေဟာ အကန့်အသတ်အများကြီး ရှိနေသေးတယ်လို့ ဆေးခြောက်ကုမ္ပဏီတွေ က ဆိုပါတယ်။
ဘရာဇီးမှာလည်း ၂၀၀၆ ခုနှစ်ကတည်းက ဆေးခြောက်ကို အကန့်အသတ်နဲ့ ခွင့်ပြုထားပေမယ့် အရောင်းအဝယ်လုပ်တာကိုတော့ တရားမဝင်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။