စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၅ ရက် မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က ၁၂ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆေးတပ်သူ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီအင်အား ၄၀ ကျော်နဲ့ မြေပြင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါတိုက်ပွဲမှာ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က အသက် ၂၀ အရွယ် ဆေးတပ်သူ ရဲဘော် မဆုမွန်ထက်ဟာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အလောင်း ၆ လောင်းကို စစ်ကောင်စီအင်အား ၅၀ လောက်နဲ့ ဒီကနေ့မှာ ဒုတိယအကြိမ် ပြန်လည်လာကောက်ယူချိန် အုန်းတောလမ်းပိုင်းမှာ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အုန်းတော Dragon GZ၊ နွေဦးရောင်နီ ပြောက်ကျားတပ်ဖွဲ့ စုစုပေါင်း မဟာမိတ် ၃ ဖွဲ့နဲ့ ညနေ ၃ နာရီလောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်အတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက် ထပ်မံကျဆုံးပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နွေဦးရောင်နီ ပြောက်ကျားအဖွဲ့က ရဲဘော် ၁ ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါမစ်ရှင်ကို မဆုမွန်ထက်အတွက် သွေးကြွေးပြန်ယူဖို့ တိုက်ခိုက်ခဲ့တာဖြစ်ကာ တော်လှန်ရေးမဟာမိတ် ၃ ဖွဲ့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းလွတ်မြောက်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။