close

ဆေးလိပ်

close

May 3, 2023

ဩစတြေးလျတွင် အီး-စီးကရက်သုံးစွဲမှု ကန့်သတ်

ဩစတြေးလျနိုင်ငံဟာ ဆယ်ကျော်သက်အရွယ်တွေ အီး-စီးကရက် သောက်သုံးမှု တိုးလာတာတွေကို ရပ်တန့်ဖို့ ကြိုးပမ်းနေတာကြောင့် ဩစတြေးလျရဲ့ ဆေးလိပ်လုပ်ငန်းတွေကို ကြီးမားတဲ့ဖြိုခွင်းမှုတွေ ပြုလုပ်ပြီး စီးကရက်ဥ‌ပဒေကို‌လည်း တင်းကျပ်ထားပါတယ်။

အစိုးရက လူငယ်တွေကြား ရေပန်းစားနေတဲ့ သစ်သီးအရသာပါဝင်တဲ့ တခါသုံး စီးကရက်အတုတွေကို တားမြစ်ချင်တာကြောင့် ဆေးညွှန်းမပါတဲ့ စီးကရက်အတုတွေကို တားမြစ်ထားပြီး နီကိုတင်းပမာဏကိုလည်း ကန့်သတ်ထားပါတယ်။

ကျန်းမာရေးဝန်ကြီး မက်ခ် ဘက်လာက “သူတို့က တကယ့်ဆေးလိပ်သောက်သလိုပဲ၊ တောက်ပြောင်တဲ့ ထုပ်ပိုးမှုတွေနဲ့ အရသာတွေ ထပ်ထည့်ထားတဲ့ နီကိုတင်းကို စွဲလမ်းလာတဲ့ မျိုးဆက်သစ်ပဲ” လို့ ပြောပါတယ်။

စည်းမျဉ်းအသစ်အရ ဆေးလိပ်တုတွေကို ဆေးဆိုင်တွေမှာသာ ရောင်းချရမှာဖြစ်ပြီး ဆေးဝါးအမျိုးအစားပုံစံ ထုပ်ပိုးဖို့ လိုအပ်ပါတယ်။

အီး-စီးကရက်တွေဟာ ဩစတြေးလျမှာ အပန်းဖြေစရာ ထုတ်ကုန်တခုဖြစ်လာပြီး အများစုက ဆေးလိပ်သောက်ဖို့ အလားအလာများတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကို ရောင်းချတာလို့ မစ္စတာ ဘက်လာက ဆိုပါတယ်။

အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား ဩစတြေးလျနိုင်ငံသား ၂၂ ရာခိုင်နှုန်းဟာ အီး-စီးကရက် ဒါမှမဟုတ် ဆေးလိပ်တုကိရိယာကို အနည်းဆုံး တကြိမ်စီ အသုံးပြုခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

4 mins Ago

April 27, 2023

BAT ကုမ္ပဏီက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၃၅ သန်းပေးရန် သဘောတူ

ကမ္ဘာအနှံ့အပြားမှာ ဆေးလိပ်တွေထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ British American Tobacco Plc (BAT) ဟာ အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုကို ချိုးဖောက်မှုအပါအဝင် စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံအပြီး အမေရိကန်ဒေါ်လာ ၆၃၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

BAT ဟာ သူ့ရဲ့ကုမ္ပဏီခွဲတခုကနေ မြောက်ကိုရီးယားကို ဆေးရွက်ကြီးထွက်ကုန်တွေ ရောင်းချပြီး ဘဏ်လိမ်လည်မှုတွေနဲ့ ဒဏ်ခတ်မှုကို ချိုးဖောက်မှုအပါအဝင် စွဲချက်တွေအတွက် အမေရိကန်တရားရုံးမှာ စွဲချက်တင်ခံခဲ့ရတာပါ။

အထီးကျန် ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားဆီ ဆေးလိပ်ရောင်းချမှုဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာလို့ ကုမ္ပဏီနဲ့ တရားရေးဌာနနှစ်ခုလုံးက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့မှုကို ဟန့်တားဖို့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့  ရင်ဆိုင်နေရပါတယ်။

“ဒီအမှုနဲ့ တခြားသူတွေ ကုမ္ပဏီတွေကို သတိပေးဖို့ လုပ်ဆောင်တာပါ” လို့ တရားရေးဌာန၊ အမျိုးသားလုံခြုံရေးဌာနက လက်ထောက်ရှေ့နေချုပ် မက်သယူး အော်လ်ဆန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီအမှုဟာ အမေရိကန် တရားရေးဌာနသမိုင်းမှာ “မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တခုတည်းသော အကြီးမားဆုံး ဒဏ်ခတ်ပိတ်ဆို့မှု” ကို ကိုယ်စားပြုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

BAT ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးရွက်ကြီးအုပ်စုဖြစ်တဲ့ Lucky Strike နဲ့ Dunhill စီးကရက်တွေကို ထုတ်လုပ်ပါတယ်။

6 days Ago
Up