ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့် ပိတ်ဆို့ထားလို့ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးဝါးတွေပြတ်လပ်ပြီး ဒေသခံပြည်သူတွေ ဒုက္ခကြုံတွေ့နိုင်တယ်လို့ ဆေးဆိုင်ပိုင်ရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်က အမ်းစစ်ဆေးရေးဂိတ်မှာ ဆေးဝါးတွေ သယ်ယူခွင့် မပြုဘူးဆိုပြီး ပိတ်ဆို့ထားပေမဲ့ ဆေးဆိုင်တွေကို တရားဝင်စာထုတ်ပြီး အကြောင်းကြားတာမျိုးတော့ မရှိဘူးလို့ စစ်တွေမြို့က ဆေးဆိုင်ပိုင်ရှင် အမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ဆိုင်ကတော့ လက်ရှိလမ်းကြောင်း အခြေအနေမကောင်းလို့ ဆေးဝါးမှာယူတာတွေ မပြုလုပ်သေးဘဲ လက်ကျန်ဆေးဝါးတွေနဲ့ပဲ လည်ပတ်အောင် ရောင်းချပေးနေရတယ်။ အခုလက်ရှိမှာတော့ စစ်တွေမြို့မှာလည်း ဆေးဝါးကုမ္ပဏီတွေ၊ ဆေးဆိုင်လုပ်ငန်းရှင်တွေ ဆွေးနွေးပြီး ဘယ်အချိန်အတိုင်းအတာထိ ပိတ်မလဲဆိုတာကို စောင့်ကြည့်နေကြတယ်။”
ဆေးဝါးတင်သွင်းခွင့် ပိတ်ဆို့ထားမယ်ဆိုရင် အရောင်းအဝယ်တွေ ထိခိုက်တာထက် ပြည်သူလူထုတွေ ဒုက္ခရောက်မှာဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဆေးဝါးရှားပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ဆေးဝါးစျေးနှုန်းကတော့ ပုံမှန်အခြေအနေသာရှိနေသေးပြီး ဒေါ်လာစျေးကျတဲ့အတွက် တချို့ကုမ္ပဏီတွေဆိုရင် ဆေးဝါးစျေးနှုန်းတွေ ကျဆင်းနေပြီး ကျရင်တော့ ကျစျေးနဲ့ပဲ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတယောက်က“အခုစစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့် ပိတ်ဆို့ထားတဲ့သတင်း ကြားရတာကြောင့် ဆေးဝါးတွေ ပြတ်ထွက်သွားပြီး ပြည်သူတွေအနေနဲ့ လိုချင်တဲ့ဆေးကို ဝယ်မရတာတွေ စျေးကြီးကြီးနဲ့ ပေးဝယ်ရတာတွေနဲ့ ဆေးရုံဆေးခန်းတွေမှာလည်း ဆေးဝါးတွေပြတ်လပ်တဲ့ ပြဿနာတွေ ကြုံတွေ့နိုင်တယ်။ နောက်ဆိုရင် ဆေးရုံဆေးခန်းတွေ လည်ပတ်ဖို့တောင်မှ အခက်အခဲတွေ ဖြစ်လာမယ်။ ဆေးဝါးပြတ်လပ်လာပြီဆိုရင် ကျန်းမာရေးဌာနတွေမှာ အနှောင့်အယှက်တော့ ဖြစ်မှာပဲ။ ကန့်သတ်တားမြစ်ထားတဲ့ ဆေးဝါးတွေကို ပိတ်ဆို့တားမြစ်တာမျိုး မဟုတ်ဘဲနဲ့ ဆေးရုံဆေးခန်း လယ်ဘယ်တွေမှာ ခွင့်ပြုထားတဲ့ ဆေးဝါးတွေကို ထုတ်လည်းမပေး၊ သယ်ယူတာကို ကန့်သတ်တားမြစ်တာကတော့ ပြည်သူလူထုအတွက် အခက်အခဲတွေ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ပြီး တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။
မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မွန်ပြည်နယ် ရေးမြို့မှာ ဆေးဝါးတွေ ပြတ်လပ်လာပြီး ဈေးနှုန်းလည်း အရင်ကထက် ကြီးမြင့်လာတာကြောင့် မြို့နေပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ နာတွေ များလာတာကြောင့် လက်ရှိ ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ သူနာပြုတွေ မနိုင်မနင်း ဖြစ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပြင်ပဆေးခန်းနဲ့ ဆေးဆိုင်တွေလည်း ပိတ်ထားပြန်၊ ဖွင့်ထားတဲ့ ဆေးဆိုင်ရှိပြန်လည်း ဆေးက ဈေးကြီးတာနဲ့ လိုအပ်တဲ့ဆေးက မရှိဘူးဆိုတော့ သာမန်ရိုးရိုးဖျားနားရောဂါတောင် ဘာနဲ့ ကုသပြီး နေရမလဲ မသိတော့ဘူး။”
ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် CDM ၀င်ထားကြတဲ့ ဆရာဝန်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ဆရာဝန်တွေ တိမ်းရှောင်နေရတဲ့အတွက် ဆေးရုံ ဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မနိုင်မနင်းဖြစ်နေတာလို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းမှာ လူနာတွေ များပြားလာခဲ့တာကြောင့် ကျန်းမာရေးဂေဟစနစ် အားလုံး ပျက်စီးသွားပြီလို့ ဒေသခံက ပြောပါတယ်။
“ကိုဗစ်လူနာနဲ့ သာမန်ရိုးရိုးဖျားနားရောဂါက အစ ရောထွေးလာခဲ့သလို ဆေးဝါးက အရေးတကြီး အလျင်စလိုလိုက်ဝယ်ရတဲ့အခါ ငွေကြေးတတ်နိုင်တဲ့ သူတွေက ဘာမှ ပြဿနာမရှိပေမယ့် အခြေခံလူတန်းစားမှာ ဆေးဝါးဝယ်ဖို့ နေနေသာသာ စားဖို့က လတ်တလောပိုပြီး အရေးကြီးနေပါတယ်။”
အခုလို ဆေးဝါးတွေ မပြတ်လပ်အောင်နဲ့ ဆေးတွေ ဈေးမငြိမ်မသက် ဖြစ်နေတာကို စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့ မြို့ခံ နောက်တဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ ဇူလိုင် ၃၁ ရက်အထိ ကိုဗစ်-၁၉အတည်ပြု လူနာ ၆၀၀ နီးပါးနဲ့ သေဆုံးသူ ၄၀ ဦး အထိရှိလာပြီး လက်ရှိ သာမန်တုပ်ကွေးရောဂါလည်း ဖြစ်ပွားနေကြတာကြောင့် အရေးပေါ်လူနာတွေ ပိုပြီး အခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။
အဓိက ဆေးဝါးကို ဝယ်ယူလို့လည်း မရသလို ရာသီပေါ် တုပ်ကွေးနဲ့ ပက်သက်တဲ့ ဆေးတွေက ဆေး ၁ မျိုးကို ကျပ် ၂၀၀ စီ လောက်တက်ပြီး ကိုဗစ် ရောဂါနဲ့ ပက်သက်တဲ့ ဆေးဝါးတွေကတော့ အရင်က ၃၀၀၀ လောက်ပေးရတာကို အခု ၆၀၀၀၊ ၇၀၀၀ လောက် ပေးနေရကာ ဆေးဆိုင်အတော်များများ ပိတ်ထားတာကြောင့် ဝယ်ဖို့လည်း အဆင်မပြေကြဘူးလို့ သိရပါတယ်။