ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက စစ်ဘေးရှောင်တွေဟာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ်လက လေယာဉ်နဲ့ ဗုံးကြဲခံခဲ့ရတဲ့ ဆယ်ဇင်းရွာက စစ်ဘေးရှောင်တချို့ဟာ ရာသီတုပ်ကွေးရောဂါ အပါအဝင် တခြားရောဂါတွေ ခံစားနေရပြီး ဆေးဝါးကုသမှု လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တဦးက “ဗုံးကြဲခံရလို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ နေကြရတယ်။ တဝက်လောက်က တုပ်ကွေးရောဂါအပါအဝင် တခြားရောဂါတွေဖြစ်ပြီး ဆေးကုသဖို့ လိုအပ်နေတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရလို့ နေအိမ်မီးလောင် ဆုံးရှုံးခဲ့တဲ့ ဆယ်ဇင်းကျေးရွာက ဒေသခံ ၅,၀၀၀ ကျော်ဟာ ဖားကန့်မြို့နယ်ထဲက မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ စတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ နေထိုင်ရင်း ရောဂါဖြစ်ပွားပြီး ဆေးကုသဖို့ လိုအပ်နေတာပါ။
စစ်ဘေးရှောင် ၅,၀၀၀ ထဲက ၂,၀၀၀ ကျော်လောက်ဟာ ရာသီတုပ်ကွေး အပါအဝင် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ နှာစေးချောင်းဆိုးရောဂါနဲ့ ပန်းနာရင်ကျပ် စတာတွေဖြစ်နေပြီး ရောဂါ ခံစားနေရသူတွေကို ကုသပေးဖို့ ဆေးဝါးလိုအပ်နေတယ်လို့ ဆေးဝါးလိုက်လံကုသပေးနေတဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။
ခုလိုအခြေအနေမှာ စစ်ဘေးရှောင်တွေအနေနဲ့ ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ စောင်နဲ့ အနွေးထည်တွေပါ လိုအပ်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတာကြောင့် NUG အစိုးရ အပါအဝင် စေတနာရှင်ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးကြဖို့ ဗန်းမောက် PDF အဖွဲ့ဝင်တယောက်က မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။
“ကျနော်တို့ PDF ရဲဘော်တွေက အသက်စွန့်ပြီးတော့ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေတဲ့အချိန်မှာ NUG အစိုးရ အပါအဝင် ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ငွေကြေး စတာလေးတွေ ထောက်ပံ့ပေးစေချင်တာပေါ့ဗျာ။ လောလောဆယ် ကျနော်တို့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေဟာ ပြတ်သလောက်ဖြစ်နေပြီး အကြွေးတွေကလည်း ထူနေပြီ။”
လတ်တလောအနေအထားမှာလည်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ စစ်ရေးတင်းမာနေဆဲ အခြေအနေမှာပဲ ရှိနေသလို အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းလောက်ကလည်း စစ်ကောင်တပ်ဖွဲ့ဟာ ပါယကျေးရွာအတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် PDF ရဲဘော်တယောက် ညာဘက်ပေါင်နဲ့ ညာဘက်ချိုင်းအောက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စစ်ကောင်တပ်ဖွဲ့တွေဟာ ကျေးရွာတွေအတွင်းမှာနေပြီး ပစ်ခတ်မှုတွေ ပြုလုပ်နေပေမဲ့ PDF ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ဒေသခံတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ထိခိုက်မှာ စိုးရိမ်တာကြောင့် တိုက်ခိုက်မှုမပြုလုပ်ဘဲ နောက်ဆုတ်ထားတယ်လို့လည်း ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင်စီတပ်နဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့ စစ်ရေးပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတချို့ကို PDF ပူးပေါင်းအဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တာတွေလည်း ရှိပါတယ်။