ပြီးခဲ့တဲ့ရာသီက တွစ်တာကနေတဆင့် ဆဲဆိုခံရမှုအများဆုံး ကစားသမားစာရင်းမှာ မန်ယူက ၈ ဦးအထိ ပါဝင်ခဲ့ပါတယ်။
ဒါကို Ofcom နဲ့ The Alan Turing Institute ကနေ တွစ်တာ၊ Search Engines နဲ့ စာတိုတွေ ပေးပို့တာတွေကို အခြေခံလေ့လာပြီး ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ပထမရာသီဝက်ကာလအတွင်း လေ့လာမှုအရ စော်ကား၊ ဆဲဆိုခံရမှုအများဆုံး ကစားသမား ၁ဝ ဦးစာရင်းမှာ မန်ယူက ရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားတို့က အများဆုံးဖြစ်ပါတယ်။
စီရော်နယ်ဒိုက ဆဲဆိုဝေဖန်တိုက်ခိုက်မှုစာတို အရေအတွက် ၁၂,၅၂၀ ရှိခဲ့ပြီး မက်ဂွိုင်းယားက ၈,၉၅၄ ကြိမ် ရှိခဲ့တာပါ။ အဲဒီနောက်မှာ မန်ယူတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့က စာတို ၂,၀၀၀ ကျော်စီ လက်ခံရရှိခဲ့ပါတယ်။
ဒါ့အပြင် တခြားမန်ယူကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်၊ ဂျက်စီလင်ဂတ်၊ ပေါ့ဘာနဲ့ ဒီဂီယာအပြင် မန်စီးတီးက ဂရေးလစ်ချ်တို့ဟာလည်း ဆဲဆိုတိုက်ခိုက်ခံရမှုအများဆုံး ၁ဝ ဦးစာရင်းမှာ ပါဝင်ပါတယ်။
စာတိုတွေရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းက ကစားသမားတဦးရဲ့ လူမျိုးရေးကိစ္စဖြစ်ပြီး တခြားစာတိုတွေကတော့ စရိုက်လက္ခဏာတွေအပေါ် ဝေဖန်ခဲ့ကြတာပါ။
ပထမရာသီဝက် ကာလအတွင်း ဘောလုံးသမားတွေ အားလုံးအပေါ် ဆဲဆိုမှုစာတို စုစုပေါင်း ၆ သောင်းကျော်အထိရှိပြီး တနေ့တည်းမှာပဲ ပျမ်းမျှ ၃၆၂ ကြိမ်အထိ ရှိပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဲဒီလို စော်ကားခံရမှုတွေကို ကာကွယ်ဖို့လိုပြီး ဥပဒေထုတ်ပြီး တားမြစ်ပေးဖို့ အကြံပေးကြပါတယ်။