ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ အခုသီတင်းပတ်အစောပိုင်းက ဆွစ်ဇာလန် ခရီးသွားတစ်ဦး သေဆုံးမှုနဲ့ ဆက်နွှယ်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၇ ရက်မှာ ပြောပါတယ်။
ရဲချုပ်ဆူဝတ်က ဖူးခက်မှာ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဖြေတဲ့အခါမှာ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးထားကြောင်း ပြောဆိုပြီး တခြားအသေးစိတ်တွေကို မပြောသွားပါဘူး။
အပန်းဖြေကျွန်းပေါ်ရှိ ရေတံခွန်အနီးမှာ သြဂုတ် ၅ ရက်က အသက် ၅၇ နှစ်အရွယ် ဆွစ်ဇာလန် ခရီးသွားအမျိုးသမီး တစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိရပြီး သဘာဝမကျတဲ့ အကြောင်းရပ်တွေနဲ့ သေဆုံးနေတဲ့ လက္ခဏာတွေလည်း ရှိတယ်လို့ တာဝန်ရှိသူတွေက သြဂုတ်လ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်ရှင်သန်လာစေဖို့ ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ခွင့်ပြုပေးတဲ့ ရှေ့ပြေးစီမံချက်ဖြစ်တဲ့ “Phuket Sandbox” အစီအစဉ်အောက်မှာ ဒီအမျိုးသမီးဟာ ဇူလိုင် ၁၃ ရက်မှာ ကျွန်းပေါ်ကို အလည်အပတ် ရောက်ရှိလာတာပါ။
သံသယရှိသူဟာ ဖူးခက်ဇာတိ အသက် ၂၇ နှစ်အရွယ် ဒေသခံတယောက်ဖြစ်တယ်လို့ ရဲ ၂ ယောက်က ရိုက်တာကို ပြောပါတယ်။
စုံစမ်းစစ်ဆေးမှု အသေးစိတ် အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။