ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) က ရွေးချယ်ပေးအပ်မယ့် တနှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် မပါဝင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
တောင်ကိုရီးယားတိုက်စစ်မှူးဟာ မနှစ်က အသင်းအတွက် ၂၃ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့ ပူးတွဲရယူနိုင်ခဲ့သူပါ။
ဒီလိုခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းက ပေးအပ်မယ့် PFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာတောင် ပါဝင်လာခြင်း မရှိခဲ့တာပါ။
ဆန်ခါတင် ၆ ဦးစာရင်းမှာ ဆွန်ဟောင်မင် ပါမလာပေမဲ့ အသင်းဖော် တိုက်စစ်မှူး ဟာရီကိန်း ပါဝင်လာခဲ့ပြီး မန်ယူတိုက်စစ်မှူး စီရော်နယ်ဒို၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနဲ့ လီဗာပူးကစားသမား ၃ ဦးဖြစ်တဲ့ ဗန်ဒိုက်၊ မာနေးနဲ့ ဆာလာတို့ ပါဝင်ပါတယ်။
PFA ဆုကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေက ပြန်လည်မဲပေး ရွေးချယ်မှာဖြစ်လို့ တနှစ်တာအကောင်းဆုံးဆုတွေထဲမှာ ဂုဏ်သိက္ခာအရှိဆုံးဆုအဖြစ် သတ်မှတ်ခံထားရပါတယ်။
PFA လူငယ်အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းမှာတော့ မန်စီးတီးက ဖိုဒန်၊ အာဆင်နယ်က ဆာကာနဲ့ စမစ်ရိုး၊ ခရစ္စတယ်ပဲလေ့က ဂေါ်လဂါ၊ ချဲလ်ဆီးက ရိစ်ဂျိမ်းနဲ့ အက်စတွန်ဗီလာက ဂျက်ကော့ရမ်ဆေးတို့ ရွေးချယ်ခံထားရပါတယ်။