ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းက တူရကီဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဆွီဒင်အာဏာပိုင်တွေက ခွင့်ပြုချက်ချပေးခဲ့တဲ့လို့ တူရကီနိုင်ငံဘက်က တုံ့ပြန်တဲ့အနေနဲ့ အန်ကာရာကို လာရောက်ဖို့ ရှိနေတဲ့ ဆွီဒင်ကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူစီ အက်ကာက ဇန်နဝါရီလ ၂၁ ရက်မှာ ပြောပါတယ်။
"ဒီနေရာမှာ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပဲလ် ဂျွန်ဆင်ရဲ့ ဇန်နဝါရီ ၂၇ ရက်မှာ လာရောက်မယ့် တူရကီခရီးစဉ်ဟာ ဘာမှ အဓိပ္ပာယ်မရှိတော့တာကြောင့် ကျနော်တို့ဘက်က ဒီခရီးစဉ်ကို ဖျက်သိမ်းခဲ့တာပါ" ဆိုပြီး တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာက မှတ်ချက်ပေးပါတယ်။
ဆွီဒင်ကာကွယ်ရေးဝန်ကြီး ဂျွန်ဆင်ဟာ တူရကီဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ နောက်အပတ်ထဲမှာ အန်ကာရာကို သွားရောက်ဖို့ စီစဉ်ထားတာပါ။
ဒီခရီးစဉ်အတွင်းမှာ ဆွီဒင်နိုင်ငံအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ သူ့ရဲ့အဆိုပြုချက်ကို အတည်ပြုပေးဖို့ တူရကီက သဘောတူလက်မှတ် ရေးထိုးပေးအောင် တွန်းအားပေးဖို့ မျှော်လင့်ထားတာပါ။
တူရကီနိုင်ငံနဲ့ သမ္မတ အာရ်ဒိုဂန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဆွီဒင်နိုင်ငံက တားဆီး ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မှုကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး အက်ကာ က ပြောပါတယ်။
သူဟာ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အဖွဲ့ရဲ့ အစည်းအဝေးရဲ့ ပြင်ပအစီအစဉ်မှာ ဆွီဒင်ကာကွယ်ရေးဝန်ကြီးဆီ ဒီပျက်ကွက်မှုအတွက် သူတို့ဘက်က တုံ့ပြန်မှုကို ပြောပြခဲ့ကြောင်း လည်း အက်ကာက ပြောဆိုပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ မြို့တော်စတော့ဟုမ်းရှိ တူရကီသံရုံးအနီးမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး မူစလင်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရန်ကျမ်း မီးရှို့မယ့် အစီအစဉ်လည်း ပါဝင်နေတဲ့ ဆန္ဒပြပွဲတခုကို ဆွီဒင်အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့တာကြောင့် တူရကီဟာ ဆွီဒင်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါသေးတယ်။