close

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး

close

June 11, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်ချမှတ်မှု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကန့်ကွက်

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်း  ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဆွီဒင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဇွန်လ ၁၀ ရက်က  ထုတ်ပြန်ခဲ့တာပါ။ 

မြန်မာစစ်တပ်က အကျဉ်းသား လေးယောက်ကို  သေဒဏ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း ကြားသိရတဲ့အတွက် များစွာပူပင်ကြောင့်ကြမိတယ်လို့ ဆိုပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေဒဏ်ပေးတာကို ဆွီဒင်နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ ဆန့်ကျင်တဲ့အတွက် သေဒဏ် ချမှတ်ခံထားရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက  တောင်းဆိုထားပါတယ်။ 

ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါဟာ ဇွန်လ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံ တော်လှန်ပေးဆပ်နေမှုတွေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေလျက်ရှိတဲ့  အကြမ်းဖက်လုပ်ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။

ဒီမိုကရေစီအရေးအတွက်စိတ်အားထက်သန်နေကြတဲ့  မြန်မာပြည်သူတွေနဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်ရေးကို  ဆက်လက် အားပေးထောက်ခံနေတယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit - ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde

9 hours Ago
Up