ဆွီဒင်နိုင်ငံရဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးနောက် မတ်လ ၂၂ ရက်မှာ ဒီ ဝင်ခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ဆွီဒင်ပါလီမန်လွှတ်တော်ကလည်း တရားဝင် သဘောတူ ခွင့်ပြုလိုက်ပါတယ်။
လက်ရှိအချိန်မှာ နောက်ဆုံးအတည်ပြု ထောက်ခံချက်အပေါ် စောင့်ဆိုင်းနေတဲ့ လုပ်ငန်းစဉ်အထိ ရောက်ရှိနေပါပြီ။
ဆွီဒင် အပါအဝင် အိမ်နီးချင်း ဖင်လန်နိုင်ငံတို့ဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်ခွင့်ရဖို့အတွက် ပြီးခဲ့တဲ့နှစ်က တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ နေတိုးအဖွဲ့ဝင်အဖြစ် နောက်ဆုံးအတည်ပြုမယ့် လုပ်ငန်းစဉ်အပေါ်မှာ တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့က တုံ့ဆိုင်းနေပါတယ်။
ဆွီဒင်နိုင်ငံလွှတ်တော်မှာ ဒီဝင်ရောက်ခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ထောက်ခံမဲ ၂၉၆ မဲ၊ ကန့်ကွက်မဲ ၃၇ မဲ ရလဒ်နဲ့အတူ မျှော်မှန်းထားတဲ့အတိုင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းအပေါ်မှာ လက်ဝဲပါတီငယ်နဲ့ ဂရင်းစ်ပါတီတို့ကသာ ဆန့်ကျင်ခဲ့ကြတာပါ။
အကယ်၍ မဟာမိတ်အဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံကိုသာ လက်ခံလိုက်မယ်ဆိုရင် နိုင်ငံအတွက် ရာစုနှစ် ၂ ခုအကြာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။
နေတိုးအဖွဲ့ကို အမြန်ဝင်ဖို့ ဆွီဒင်နဲ့ ဖင်လန်တို့ရဲ့ လျှောက်ထားချက်တွေနဲ့ ပတ်သက်ပြီး တူရကီနဲ့ ဆွေးနွေးပွဲတွေ ပြန်စချင်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။
“ကျနော်တို့ ဖင်လန်နဲ့အတူ နေတိုးအဖွဲ့ဝင်ဖြစ်လာတာထက် ပိုအရေးကြီးတဲ့ တခြား နိုင်ငံ လုံခြုံရေးမေးခွန်း မရှိပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
စတော့ဟုမ်းမြို့တော်မှာ သီတင်းပတ်ကုန်ရက်က ဆန္ဒပြပွဲတွေအပြီး တူရကီသံရုံးနားမှာ ကိုရမ်ကျမ်းတစောင်ကို လက်ယာစွန်းရောက် နိုင်ငံရေးသမားတားက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် တူရကီ၊ ဆွီဒင်နဲ့ ဖင်လန်တို့ သုံးနိုင်ငံဆွေးနွေးမှုကို တူရကီက အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။
ဖင်လန်သမ္မတ ဆောင်းလီ နီနစ်တို့စ်ကတော့ သူ့နိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ တူရကီမှာ ရွေးကောက်ပွဲ ပြီးတဲ့အထိ စောင့်ရနိုင်ခြေရှိတယ်လို့ ဇန်န၀ါရီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက် ဆွီဒင်နဲ့ ဖင်လန်တို့ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ မနှစ်က လျှောက်ထားခဲ့ပြီး လျှောက်ထားမှုကို တိုးတက်စေဖို့ လက်ရှိ နေတိုးနိုင်ငံအားလုံးရဲ့ ကျောထောက်နောက်ခံ လိုအပ်နေပါတယ်။
နှစ်နိုင်ငံဟာ တပြိုင်နက် မဟာမိတ်ဖွဲ့ဖို့ စီစဉ်ထားပေမယ့် တူရကီက အကြမ်းဖက်သမားတွေလို့ ရှုမြင်တဲ့အရာတွေကို ဆန့်ကျင်တဲ့ ပိုမိုရှင်းလင်းတဲ့ ရပ်တည်ချက်မရခင်အထိ ဆွီဒင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံမှာမဟုတ်ဘူးလို့ တူရကီက ပြောပါတယ်။
ဆွီဒင်အစိုးရရဲ့ လျှောက်ထားမှုကို ထပ်ပြီးနှောင့်နှေးထားရင် ဆွီဒင်နဲ့ သူ့ရဲ့ NATO ပူးတွဲကမ်းလှမ်းမှုကို ပြန်လည်စဉ်းစားနိုင်တယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
“ကျနော်တို့ ဒါကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဆုပ်ကိုင်ထားဖို့ လိုအပ်ပြီး တူရကီမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စောင့်ဆိုင်းရမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး” လို့ နီနစ်စတိုက ကိယက်ဗ်မြို့တော်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇလန်းစကီးကလည်း “ကျနော်တို့ဟာ ဖင်လန်နှင့် မဟာမိတ်ဖွဲ့ဖို့ လမ်းကြောင်းပေါ်မှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဆွီဒင်ကို အခိုင်အမာ ထောက်ခံပါတယ်” လို့ ပြောပါတယ်။