အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် မထိုက်တန်တာကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေကို ဘယ်လိုနည်းနဲ့မှမတက်ကြဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ လောက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
စစ်အုပ်စုက ဦးဆောင်ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာဟာ သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကျပ်အတည်းက ထွက်ပေါက်ရှာဖို့အတွက် ကြားခံအသုံးချတဲ့ အတုအယောင်ဆွေးနွေးပွဲပဲဖြစ်သလို စစ်အုပ်စုဟာလည်း နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ လုံးဝ တရားမဝင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းပဲဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
စစ်အုပ်စုဟာ ပြည်သူတွေတင်ထားတဲ့ အစိုးရကိုဖမ်းဆီးခဲ့သလို ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီမိုကရေစီလမ်းစဉ်အရ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ ပြည်တွင်းဥပဒေတွေအရရော နိုင်ငံတကာ သတ်မှတ်ချက်တွေအရပါ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး အာဆီယံဦးဆောင် သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာကိုလည်း မရတဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံထိပ်သီးညီလာခံတွေနဲ့ ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တက်ရောက်ခွင့်မရဘဲ ဖယ်ကြဉ်ခံထားရပြီး ပိုအားကောင်းလာတဲ့ ပြည်သူလူထုရဲ့ ခုခံတွန်းလှန်မှုကို အန်မတုနိုင်တော့တဲ့ အခြေအနေမှာ ပြည်သူနဲ့ အာဆီယံပါအဝင် နိုင်ငံတကာကို လှည့်စားဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို အသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟန်ပြလုပ်နေတာပဲဖြစ်တယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန် ပြောဆိုထားပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား ခွဲထုတ်ဖြိုခွင်းဖို့ ရည်ရွယ်ချက်သက်သက်နဲ့ လုပ်နေတာလို့လည်း ဆိုပါတယ်။
ဒီဆွေးနွေးပွဲတွေကို တက်ရောက်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်သယောင် ဖြစ်စေသလို တကယ့်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်းရေး ပိုပြီး ကြန့်ကြာစေမယ်လို့လည်း ဆိုပါတယ်။ အဆိုးဆုံးကတော့ အကြမ်းဖက်စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်ကျူးလွန်ဖို့ အားပေးသလို ဖြစ်စေမယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီလိုအကြောင်းတွေကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးဖက်အဖြစ် မထိုက်တန်ဘဲ သူတို့ကို မြန်မာ့နိုင်ငံရေးလောကကနေ အပြီးတိုင် ဖယ်ရှားပစ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိရှိနဲ့ ကာလရှည်ကြာရပ်တည်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကို လူသိရှင်ကြားဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ဖြစ်ဖြစ် မတက်ရောက်ဘဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားရေးရည်ရွယ်တဲ့ အီရန်နဲ့ အမေရိကန်တို့အကြား သွယ်ဝိုက်ဆွေးနွေးပွဲတွေကို အခုတပတ်မှာ ပြန်စတင်မယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆအိဒ် ခါတိဘ်ဇာဒက်က ဇွန် ၂၇ ရက်မှာ ပြောပါတယ်။
အခုသီတင်းပတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲတွေဟာ အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး တချို့ပြဿနာတွေကို ချောမွေ့စေဖို့ ရည်ရွယ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက သူ့ရဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အီးယူကတော့ ဖျန်ဖြေသူအဖြစ် အမေရိကန်နဲ့ အီရန်တို့ကိုသီးခြားစီ ဆွေးနွေးမှာဖြစ်ပြီး နှစ်နိုင်ငံကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေ ရှိမှာမဟုတ်ကြောင်း သူက ပြောပါတယ်။
သဘောတူညီချက်ပါ အကြောင်းအရာတွေကို သက်ဆိုင်ရာ နှစ်ဖက်စလုံးက အတည်ပြုထားပေမဲ့လည်း အီရန်ဟာ အမေရိကန်ကို နက်နက်ရှိုင်းရှိုင်း အယုံအကြည်မရှိမှုကြောင့် အမေရိကန်ရဲ့ နောက်ဆက်တွဲ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ လိုအပ်နေတာပါ။
“အခုက ဒီအခြေအနေမှာ နောက်ထပ်လုပ်ဆောင်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို ဆောင်ရွက်ရဖို့က ဝါရှင်တန်ရဲ့ တရားရုံးမှာ တာဝန်ရှိနေပြီး တကယ်လို့ အမေရိကန်က အကြောင်းပြန်မယ်ဆိုရင် သဘောတူညီချက်တခု ရနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
အကြောင်းအရာနဲ့ ပုံစံမှာ သဘောတူညီချက်တခု ရှိကြောင်းကိုလည်း အတည်ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အစီအစဉ်အရ အမေရိကန်အစိုးရဟာ ထရမ့်ပ်လက်ထက်က မူဝါဒတွေကို လက်တွေ့ ခိုင်ခိုင်မာမာ လိုက်လုပ်နေခြင်းကို ရပ်တန့်နိုင်ပြီး တာဝန်ရှိတဲ့ပါတီ ဖြစ်လာခြင်း ရှိ၊ မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
အီရန်ဟာ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ကတိပြုထားပြီး အရင်ညှိနှိုင်းမှုတွေရဲ့ လက်ကျန်ပြဿနာတွေကို ဖြစ်နိုင်သမျှ အချိန်တိုအတွင်း ဖြေရှင်းဖို့ ကြိုးစားနေကြောင်းလည်း ခါတိဘ်ဇာဒက်က ပြောပါတယ်။
ထရမ့်ပ်ဟာ ၂၀၁၈ ခုနှစ် မေလက ဝါရှင်တန်ကို ပူးတွဲလုပ်ဆောင်မှု ဘက်စုံစီမံချက် (JCPOA) ကနေ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် တဖက်သတ် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်ခဲ့ပြီးတော့ စာချုပ်အောက်မှာလည်း သူ့ရဲ့ကတိကဝတ်တချို့ကို လျှော့ချလိုက်ဖို့ နှိုးဆော်ခဲ့တာ ဖြစ်ပါတယ်။