ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၇ စည်တော်ကြီး လက်ဖက်စက်ရုံဝန်းအတွင်း ယာဉ်မောင်းတဦး မတ်လ ၈ ရက် မနက်ပိုင်းမှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
ဆွဲကြိုးချသေဆုံးသူမှာ ဦးမောင်မောင် အသက် (၄၅ နှစ်) ဖြစ်ပြီး စက်ရုံအတွင်းနေထိုင်ကာ ရုံးပိတ်ရက်တွေမှ နေအိမ်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။
စက်ရုံဝင်းအတွင်းနေထိုင်သူတဦးက “ညက ပူလို့ဆိုပြီး အပြင်မှာထွက်အိပ်တာ။ သူက အရက်ဖြတ်ထားတာတော့ မကြာသေးဘူး။ အရက်ကြောင် ကြောင်တာလားတော့ မသိဘူး။ မနက်စောစောပိုင်းကမှ အခုလိုပုံစံနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။
ဆွဲကြိုးချသေဆုံးသူ ဦးမောင်မောင်ဟာ စည်တော်ကြီး လက်ဖက်စက်ရုံမှာ ယာဉ်မောင်းလုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီး မြေပြင်နဲ့ ၃ ပေခန့်အမြင့်ရှိ သံရေပိုက်ကို ရေပုံးကြိုးနဲ့ မှောက်လျက်အနေအထားနဲ့ ဆွဲကြိုးချသေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးရုပ်အလောင်းကို ကရုဏာတွဲလက် ရှင်ရေးနာရေးကူညီမှုအသင်းက လှိုင်သာယာမြို့နယ် ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုကို နယ်မြေခံရဲစခန်းက သေမှုသေခင်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းက ရှမ်းပြည်နယ် အောင်ပန်းမြို့မှာလည်း အသက် (၂၃ နှစ်) ခန့် အမျိုးသား လူငယ်တဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ကတူးခရိုင်ဖူးခက်က ပါတောင်ရဲစခန်းမှာ အချုပ်ကျနေတဲ့ ဩစတြေးလျနိုင်ငံသား လူငယ်တဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Thaiger သတင်းဌာနက ဖော်ပြပါတယ်။
ဧပြီ ၂၃ ရက် ည ၁၂ နာရီ ၄၅ မိနစ်ကနေစပြီး သေဆုံးသူ ဩစတြေးလျနိုင်ငံသား မက်သရူးဝင်းဒါးဟာ ကတူးခရိုင်၊ သောင်ဝိုင်းလမ်းမကြီးပေါ်က ပါတောင်ကမ်းခြေအနီး ဟိုတယ်တခုမှာသောက်စားခဲ့ပြီး မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ ဧည့်သည်တွေကို မူးပြီး သောင်းကျန်းနေကြောင်း သတင်းရရှိတဲ့အတွက် ပါတောင်ရဲစခန်းမှ ရဲမှူးနဲ့ လက်ထောက်ရဲမှူးတို့က သွားရောက်စစ်ဆေးကာ သံသယရှိသူတွေထားတဲ့ သီးသန့်အချုပ်ထဲ ထည့်ထားခဲ့တာပါ။
ဧပြီ ၂၃ ရက် မနက် ၁၁ နာရီခွဲလောက်မှာ သီးသန့်အချုပ်ခန်းစောင့် တာဝန်ကျရဲအရာရှိက နေ့လယ်စာ ထမင်းသွားစားပြီး ပြန်အလာမှာ ဝင်းဒါးက သူ့အင်္ကျီနဲ့ အချုပ်ခန်းသံတိုင်မှာ ကြိုးလုပ်ပြီး ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးမှုနဲ့ပတ်သက်ပြီး အချုပ်ခန်း CCTV မှတ်တမ်းတွေကို စစ်ဆေးရာ ဘောင်းဘီတိုနဲ့ သူ့ရဲ့အင်္ကျီနဲ့ ဆွဲကြိုးချနေစဥ် ဝင်းဒါးက အော်ဟစ် အကူအညီတောင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူ မစ္စတာမက်သရူးဝင်းဒါးရဲ့ ရုပ်အလောင်းကို ရဲတွေစစ်ဆေးမှုအပြီး ဘာအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သလဲဆိုတာကိုတော့ မသိရသေးဘဲ ရင်ခွဲစစ်ဆေးဖို့အတွက် မှုခင်းဆေးပညာဌာန Vachira Phuket ဆေးရုံကို ပို့ဆောင်ထားပါတယ်။
Source-The Thaiger