close

ဇနီးဒေါ်ခင်မိမိကြွယ်

close

November 12, 2021

ဒေါ်လာနှင့် ရွှေချောင်းများ ပြင်ဆင်ပေးခဲ့ဟု ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆို

လာဘ်ထိုးဖို့အတွက် ဒေါ်လာနဲ့ ရွှေချောင်းတွေ ပြင်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဒေါ်ခင်မိမိကြွယ်က ဒီကနေ့ နိုဝင်ဘာ ၁၂ရက်နေ့ တရားခွင်မှာ သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု အမှတ်  (၂) ဖြစ်တဲ့  ရွှေချောင်းတွေနဲ့ ဒေါ်လာတွေရယူခဲ့တယ်ဆိုတဲ့ အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်က ဒီကနေ့ တရားလိုပြသက်သေ အဖြစ်ထွက်ဆိုခဲ့တာပါ။

ဒေါ်ခင်မိမိကြွယ်က သူ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေချောင်းတွေကို ပြင်ဆင်ပေးခဲ့ရတယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ အောက်တိုဘာ ၁ ရက်နေ့ထွက်ဆိုချက်ကို အတည်ပြုပေးဖို့ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်လာနဲ့ရွှေချောင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်နဲ့ သွားပေးတဲ့အချိန်တွေကိုတော့ ရက်စွဲအတိအကျနဲ့ ဒေါ်ခင်မိမိကြွယ်က ထွက်ဆိုခဲ့တာမရှိဘူးလို့သိရပါတယ်။  ဒါ့အပြြင် အတိုင်ပင်ခံဆီ ဦးဖြိုးမင်းသိန်းသွားရောက်ရာမှာလည်း ဒေါ်ခင်မိမိကြွယ် လိုက်ပါသွားတာမရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ  တုံ့ပြန်ပြောဆိုထားပါတယ်။

အဂတိလိုက်စားခဲ့တယ်ဆိုတဲ့  ရွှေနဲ့ ဒေါ်လာတွေ ဘယ်မှာလဲဆိုတာကိုတော့ စစ်ကောင်စီက   သက်သေပြနိုင်ခြင်းမရှိသေးသလို လာဘ်ပေးခဲ့တဲ့   ဦးဖြိုးမင်းသိန်းကိုလည်း အရေးယူတာ မရှိပါဘူး။ 

နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ အတိုင်ပင်ခံကိုစွဲဆိုထားတဲ့ အဂတိအမှု အမှတ်  ၂နဲ့ ၅ကို စစ်ဆေးခဲ့ပြီး အမှတ်  ၃နဲ့ ၄ အမှုတွေကိုတော့ မစစ်ဆေးနိုင်ခဲ့ပါဘူး။

ဒီနေ့ ရုံးချိန်းမှာ အဂတိအမှုနံပတ် ၅အတွက် နေပြည်တော်လူမှုဖူလုံရေး ကော်မတီအင်ဂျင်နီယာတစ်ယောက်က တရားလိုပြသက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။

အမှုအမှတ်  ၃ နဲ့ ၄ အတွက် တရားလိုပြသက်သေတွေရောက်လာတာမရှိတဲ့အတွက် တရားရုံးက မစစ်ဆေးနိုင်ခဲ့ပါဘူး။ အမှု ၄ ခုစလုံးကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

တရားရုံးအစဉ်အလာအရ တရားလိုနဲ့လိုပြသက်သေတွေကို စစ်ဆေးပြီးမှ စွပ်စွဲခံရသူဘက်ကို ပြန်လည်စစ်မေးတာဖြစ်ပါတယ်။ အဂတိအမှုလေးခုစလုံးအတွက် တရားလိုနဲ့လိုပြသက်သေတွေကို စစ်မေးတဲ့အဆင့်မှာပဲရှိနေသေးပြီး သူတို့ကို စစ်မေးပြီးမှ စွပ်စွဲခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လည်စစ်မေးမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှု ၄ မှုအတွက် မန္တလေးတိုင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး နေပြည်တော်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၄ မှုအပါအဝင် စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၁ မှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။

5 mins Ago
Up