ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ စစ်တပ်က ရိုက်နှက်ခဲ့လို့ ဒဏ်ရာရခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းက နေအိမ်မှာ စစ်ကောင်စီ တပ်က လာဖမ်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ ၃ ရပ်ကွက်၊ နန္ဒာဝန်လမ်းနေ မစန္ဒာအေးကို အရပ်ဝတ်တွေနဲ့ စစ်ကောင်စီ တပ်သားတွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာပါ။
ရပ်ကွက်နေသူ တဦးက "သူတို့က ရဲစခန်းအနောက်ဘက်မှာနေတာ။ မနေ့က ၃ နာရီမှာ အရပ်ဝတ်တွေနဲ့လာခေါ်သွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မပြောဘူး။ အခု တောင်ပေါ် စစ်ကြောရေးစခန်းမှာလို့ ပြောတယ်"လို့ ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၅ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင် အပါအဝင် ရှစ်ယောက်ကို စစ်ကောင်စီတပ်က ခေါ်ယူ ရိုက်နှက်ရာက ဇန်နဝါရီ ၆ ရက် မနက်ပိုင်း မှာ ထောင်တွင်း ပဋိပက္ခအကျဥ်းသား တယောက်ရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။
"အဲဒီနေ့က သေနတ်သံတွေကြားလို့ အသိဝန်ထမ်းကို ဖုန်းဆက်တာ။ ဘာမှမဖြစ်ဘူးလို့ ပြောတယ်။ နောက်မှသိရတာ သေတာတွေရော၊ ဒဏ်ရာရတဲ့သူတွေရော ရှိတယ်လို့ သိရတယ်”
လတ်တလောမှာ ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာပါတဲ့ အကျဥ်းသား တချို့ကို နယ်ဘက်ထောင်တွေကို ပြောင်းဖို့ စစ်ကောင်စီဘက်က အကျဥ်းဦးစီးကို ဖိအားပေးထားတယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်က ပုသိမ်အကျဥ်းထောင် ပဋိပက္ခဖြစ်စဉ်မှာ အကျဉ်းသား တယောက် သေဆုံးပြီး ၆၃ ယောက် ဒဏ်ရာရရှိကာ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ရဲ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ဇနီး ရိုစ်မာမန်းဆာကို အစိုးရရဲ့ စာချုပ်စာတမ်းတွေနဲ့ လဲလှယ်ပြီး လာဘ်ငွေရယူမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး မလေးရှားတရားရုံးဟာ စက်တင်ဘာ ၁ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် စီရင်ချက်ချမှတ်လိုက်ပါတယ်။
သူ့ရဲ့ခင်ပွန်း ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာလည်း အကျင့်ပျက်ခြစားမှုနဲ့ ထောင်သွင်း အကျဉ်းချခံရတာ ရက်ပိုင်းအကြာမှာပဲ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ရိုစ်မာဟာ စွဲချက်တင်ခံထားရတဲ့ လာဘ်ပေးလာဘ်ယူမှု သုံးခုအတွက် ဒဏ်ငွေ မလေးရှား ရင်းဂစ်ငွေ သန်း ၉၇၀ (ဒေါ်လာ ၂၁၆ ဒသမ ၄၅ သန်း) ပေးဆောင်ရမှာဖြစ်ပြီး ဒါဟာ မလေးရှားနိုင်ငံရဲ့ရာဇဝင်မှာ စံချိန်တင်ပမာဏဖြစ်တယ်လို့ ကွာလာလမ်ပူ တရားရုံးချုပ် တရားသူကြီးတစ်ဦးက ပြောပါတယ်။
ဒီတရားစွဲဆိုမှုဟာ သူတို့ရဲ့အမှုကို ကျိုးကြောင်းဆီလျော်တဲ့ သံသယထက်ကျော်လွန်ကြောင်း သက်သေပြခဲ့တယ်လို့လည်း ဖြည့်စွက်ပြောသွားပါတယ်။
ရိုစ်မာဟာ အထက်တရားရုံးတွေကို အယူခံဝင်ဖို့ ဆိုင်းငံ့ထားပြီး အာမခံနဲ့ လွတ်မြောက်နေဦးမှာဖြစ်ပါတယ်။
ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ဆိုင်းငံ့ထားပြီး သူ့ကို တရားရုံးကချမှတ်တဲ့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့ သူ့ရဲ့ရှေ့နေက ကွာလာလမ်ပူမြို့ တရားရုံး အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အယူခံတင်သွင်းသွားမှာဖြစ်ပြီး ဒါကိုလုပ်ဆောင်ဖို့ ၁၀ ရက် အချိန်ရကြောင်းနဲ့ အယူခံက အမှု ၃ မှုလုံးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အသက် ၇၀ အရွယ် ရိုစ်မာဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ သူ့ခင်ပွန်း နာဂျစ်ရဲ့အစိုးရဆီကနေ ဒေါ်လာ ၂၇၉ သန်းတန် ဆိုလာပါဝါ ဖြန့်ဖြူးရေးစီမံကိန်းတခုကို ရရှိစေဖို့ ကုမ္ပဏီတစ်ခုဆီကနေ လာဘ်ပေးလာဘ်ယူမှု ၃ မှုကို စွဲချက်တင်ခံထားရပါတယ်။
သူ့ရဲ့အလွန်အကျွံ သုံးစွဲနေထိုင်မှုပုံစံကြောင့် ဝေဖန်မှုတွေ ခံထားရတဲ့ အသက် ၇၀ အရွယ် Rosmah ရိုစ်မာဟာ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ရင်ဆိုင်နေရပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ၅ ဆ ထက်မနည်းတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ သူ့အပေါ်စွပ်စွဲထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး ရိုစ်မာ ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။