စတာလင်၊ ဂျေဆုနဲ့ ဇန်ချင်ကိုတို့ကို ရောင်းထုတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရှင်းလင်းပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့ စတာလင်ကို ချဲလ်ဆီးအသင်းဆီ ပေါင် ၅၅ သန်းနဲ့ ရောင်းခဲ့သလို ဂျေဆုနဲ့ ဇန်ချင်ကိုတို့ကိုလည်း အာဆင်နယ်အသင်းဆီ ရောင်းချခဲ့တာပါ။
အဆိုပါကစားသမား ၃ ဦးဟာ ကစားသမားကောင်းတွေဆိုတာ ပြီးခဲ့တဲ့ရာသီမှာ သက်သေပြခဲ့ကြပြီး ပွဲထွက်အာမခံချက် မရှိတာကြောင့် မဟုတ်ကြောင်း၊ အသင်းမှာ ဆက်ရှိမယ်ဆိုရင်လည်း ပြဿနာ မရှိကြောင်း နည်းပြဂွာဒီယို လာကပြောပါတယ်။
ဒါပေမဲ့ ကစားသမားတွေကိုယ်တိုင်က ပိုပြီး လိုအင်ဆန္ဒတွေရှိတာကြောင့် ဖြစ်သလို အသင်းဘက်ကလည်း ရောင်းချဖို့ အချိန်ကောင်းဖြစ်တာကြောင့် ဖြစ်ကြောင်း၊ ကစားသမားအားလုံးဟာ အသင်းကနေ အပြုံးနဲ့ လမ်းခွဲခဲ့တာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ တိုက်စစ်မှူးဟာလန်းနဲ့ ကွင်းလယ်လူ ကယ်ဗင်ဖိလစ်တို့ကို ခေါ်ယူထားပြီး မနှစ်က ကတည်းကခေါ်ယူထားတဲ့အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကလည်း အသင်းနဲ့ ပူးပေါင်းနေပြီဖြစ်ပါတယ်။
ငယ်စဉ်ကလေးဘဝကတည်းက အာဆင်နယ်အသင်းကို အားပေးကြည့်ရူခဲ့တယ်လို့ ကစားသမားသစ် ဇန်ချင်ကိုက ထုတ်ဖော်ပြောပါတယ်။
မန်စီးတီးကနေ အာဆင်နယ်အသင်းဆီကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံးအင်တာဗျူးအစီအစဉ်မှာ ဇန်ချင်ကိုကပြောခဲ့တာပါ။
ငယ်စဉ်ကတည်းကအားပေး ခဲ့တဲ့အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီး ပွဲထွက်ကစားဖို့ မစောင့် နိုင်တော့ကြောင်း ဇန်ချင်ကိုက ပြောပါတယ်။
“ပထမဆုံးအနေနဲ့ ကျနော့်ရဲ့ ငယ်ဘဝအိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီလို့ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးဘဝကတည်းက အာဆင်နယ်အသင်းရဲ့အ အမာခံပရိသတ်ဖြစ်ခဲ့ဖူးလို့ပါပဲ။ သီယာရီဟင်နရီနဲ့ လူငယ်ကစားသမား ဆက်ဖာဘရီဂတ်စ်တို့ ကစားချိန်ကတည်းက အာဆင်နယ်ပွဲတွေကိုကြည့်ရတာကို ကြိုက်နှစ်သက် ခဲ့တာပါ။ နောက်ထပ်စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ” လို့ ဇန်ချင်ကိုက ပြောပါတယ်။
ယူကရိန်းလက်ရွေးစင်ဟာ ဘယ်နောက်ခံလူနေရာနဲ့ ကွင်းလယ်လူနေရာတွေမှာကစားနိုင်ပြီး စွယ်စုံ အသုံးပြုနိုင်တာကြောင့် အသင်းရဲ့ကစားကွက်ကို ရွေးချယ်စရာပိုများလာစေလိမ့်မယ်လို့လည်း နည်းပြ အာတေတာကချီးကျူးသွားခဲ့ပါတယ်။