စပိန်နိုင်ငံတောင်ပိုင်း မာလာဂါမြို့က ယူကရိန်းနိုင်ငံသားတွေဟာ စစ်မြေပြင်ဖြစ်နေတဲ့ သူတို့ဇာတိမြေအတွက် စက်မှုဇုန် ယာဉ်ရပ်နားစခန်းမှာ သုံးရက်မြောက်နေ့အဖြစ် မတ်လ ၁ ရက်က အလှူခံနေပါတယ်။
ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ တင်ထားတဲ့ ကုန်ကားတစီး စပိန်ကနေ ယူကရိန်းဆီကို ထွက်သွားပြီလို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
မာလာဂါမြို့လယ်မှာ ဒါဇင်ချီတဲ့ ယူကရိန်း ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး သူတို့နိုင်ငံသားတွေအတွက် အကူအညီတွေ၊ အလှူပစ္စည်းတွေ ကောက်ခံနေပါတယ်။
"ယူကရိန်းဟာ ဥရောပရဲ့ အစိတ်အပိုင်းဖြစ်လို့ ကျမတို့အတွက် အကူအညီကို ဥရောပက နိုင်ငံတိုင်းဆီက မျှော်လင့်တယ်" လို့ ကိယက်ဗ်မြို့တော်မှာ မိဘတွေနေတဲ့ အသက် ၂၂ နှစ်အရွယ် ယူကရိန်းသူက ပြောပါတယ်။
ယူကရိန်း လူ့အဖွဲ့အစည်းဝင်တွေ ဦးဆောင်ပြီး စပိန်နိုင်ငံအတွင်း မြို့အသီးသီးမှာ အလှူခံနေကြပါတယ်။ စပိန်နိုင်ငံမှာ ယူကရိန်းပြည်သူ ၁၁၂,၀၀၀ ကျော် နေထိုင်တယ်လို့ မှတ်ပုံတင်ထားပါတယ်။