ဆူဒန်မြို့တော် ခါတွန်မှာ ဝက်သက်နဲ့ ကာလဝမ်းရောဂါ ပိုးမွှားတွေနဲ့ တခြားအန္တရာယ်ရှိတဲ့ ပစ္စည်းတွေရှိနေတဲ့ ဓာတ်ခွဲခန်းတခု သိမ်းပိုက်ခံရပြီးတဲ့နောက် ခါတွန်မှာ “ဇီဝဆိုင်ရာအန္တရာယ်” မြင့်မားလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
နည်းပညာရှင်တွေဟာ ပစ္စည်းတွေလုံခြုံစေဖို့ အမျိုးသားပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဆီ မဝင်နိုင်ကြဘူးလို့ WHO က နီမာ ဆာအိ အာဘစ်ဒ်က ဆူဒန်နိုင်ငံထဲကနေ ဗွီဒီယိုလင့်ခ်က တဆင့် ဂျီနီဗာကို ပြောပါတယ်။
ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) အရန်တပ်ဖွဲ့တွေအကြား ဧပြီ ၁၅ ရက်က တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဒါကြောင့် လူ ၄၅၉ ဦးထက်မနည်း သေဆုံးပြီး ၄,၀၇၂ ဦး ဒဏ်ရာရခဲ့တယ်လို့ WHO ရဲ့ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။
ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ဆေးရုံတွေနဲ့ တခြားလိုအပ်တဲ့ ဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရပြီးပါပြီ။
လူအများအပြားမှာ အစားအစာနဲ့ ရေတွေ လျော့နည်းလာပြီး သူတို့ရဲ့အိမ်တွေထဲမှာ သောင်တင်နေခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံး (OCHA) ဟာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဆူဒန်ရဲ့ အစိတ်အပိုင်းတချို့မှာ လုပ်ဆောင်ချက်တွေကို ဖြတ်တောက်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။
တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း အကူအညီပေးရေးလုပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး ဝန်ထမ်းတွေ ဆုံးရှုံးခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီနှစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားရပါတယ်။