close

ဇီဝိတဒါန သံဃာ့ဆေးရုံ

close

February 7, 2022

ကိုဗစ်-၁၉ လူနာ ၄၀ ကျော်လာသဖြင့် ဇီဝိတဒါန သံဃာ့ဆေးရုံကို Lockdown ချ

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့  ဇီဝိတဒါနသံဃာ့ဆေးရုံကြီးက ဆေးရုံဝန်ထမ်းတွေအပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၄၀ နီးပါးရှိလာတာကြောင့် ဖေဖော်ဝါရီ ၆ ရက်ကစပြီး အဲဒီဆေးရုံကို Lockdown ချလိုက်တယ်လို့ သိရပါတယ်။

“၃ ရက်နေ့ကတည်းက ကိုဗစ် positive စတွေ့တာ။ ဒီနေ့မှာဆိုရင် ၃၀ ကျော်၊ ၄၀လောက်အထိရှိလာပြီ။  ဆေးရုံဝန်ထမ်းရော ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေ‌ဆီမှာလည်း ပိုးတွေ့တယ်။  ပမာဏက ပိုပိုတိုးလာတော့ ဒီနေ့မှာ ဆေးရုံကို Lockdown ချလိုက်တာပါ” လို့  ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ဝန်ထမ်း ၁၀၀ လောက်ရှိပြီး  ဆေးကုသနေတဲ့ သံဃာတော်အပါး ၂၀၊  သီလရှင် ၇ ပါး စုစုပေါင်း ၁၂၇ ဦးရှိပြီး  ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိသူ ၄၀ နီးပါး ရှိနေတာပါ။

ကူးစက်ခံရတဲ့ လူနာတွေက ပြင်ပအဝင်အထွက်တွေကတဆင့် ကူးစက်တာလို့ သိရပြီး လတ်တလောမှာတော့ ရောဂါပိုးတွေ့ လူနာတွေကို သက်ဆိုင်ရာတိုင်း ကျန်းမာရေးဌာနက လာရောက်စစ်ဆေးနေပါတယ်။ 

ကိုဗစ်-၁၉ကြောင့် ရပ်နားထားရတဲ့ ဆေးဌာနတွေကို လွန်ခဲ့တဲ့လပိုင်းက ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ် ကုသမှုပေးနေရာမှာ ဖေဖော်ဝါရီ ၆ ရက်မှာတော့ ကူးစက်သူတစ်ဟုန်ထိုး မြင့်တက်ခဲ့တာပါ။ 

နိုင်ငံတစ်ဝန်းမှာ ဒီနေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၃၇,၂၂၃ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ 

ရန်ကုန်တိုင်းမှာတော့ အိုမီခရွန်ရောဂါပိုးရှိသူ အမျိုးသမီးတစ်ဦးကို တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ အောင်ဇေယျအိမ်ရာမှာ ဖေဖော်ရီ ၅ ရက်က တွေ့ရှိခဲ့ပါတယ်။

2 mins Ago
Up