close

ဇီးကုန်းမြို့

close

December 18, 2022

ဇီးကုန်းမြို့တွင် ဒေသခံ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ  အမျိုးသမီး တယောက်နဲ့ အမျိုးသား နှစ်ယောက် ဒေသခံ သုံးယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် တယောက် အသက်သေဆုံးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဇီးကုန်းမြို့မှာ မသူဇာဝင်း၊ ကိုဇေယျာဖြိုးနဲ့ ကိုဗိုလ်ကာတွန်းတို့သုံးယောက်ကို  စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ပြီး ၃ ရက်အကြာမှာ ကိုဇေယျာဖြိုးရဲ့ မိဘတွေကို စစ်ကောင်စီက အလောင်းလာကြည့်ဖို့ အကြောင်းကြားခဲ့တာပါ။

သူတို့သုံးယောက်ကို စစ်ကောင်စီတပ်က ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ ကိုဇေယျာဖြိုးရဲ့ အလောင်းမှာတော့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရပြီး ဒီဇင်ဘာ ၁၇ ရက်မှာ  သင်္ဂြိုဟ်လိုက်တယ်လို့ ကိုဇေယျာဖြိုးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

“အရင်စဖမ်းတာက ထန်းတပင်ရွာက မသူဇာ၀င်းကို၊ ပြီးတော့မှ ကိုဇေယျာဖြိုးနဲ့ ကိုဗိုလ်ကာတွန်းကိုထပ်ဖမ်းတာ။ စဖမ်းကတည်းက မိသားစုတွေက တွေ့ဖို့လိုက်တာ၊ တွေ့ခွင့်လည်းမပေးဘူး။ ဘယ်မှာထားလဲဆိုတာမသိရဘူး။ နောက် ၃ ရက်အကြာမှာတော့ ကိုဇေယျာဖြိုးက နှလုံးဖေါက်လို့သေပြီ ဆိုပြီးအကြောင်းကြားတယ်။ ပြီးတော့ ညနေ ၃ နာရီ သင်္ဂြိုဟ်မယ်ဆိုပြီး သူတို့ဟာသူတို့ သတ်မှတ်ပြီး မိသားစုကိုလှမ်း အကြောင်းကြားတာ။ မျက်နှာတခုလုံး သံပုရာသီးလုံးလောက်တွေကိုဖူးရောင်နေတာပဲ။ ဗိုက်ကလည်းတော်တော်ကို ပူနေတာ၊ အဆုတ်တွေဘာတွေ ကွာအောင်ရိုက်ထားတယ်ထင်တယ်။ ဒါပေမဲ့ ဘယ်သူမှ ဓာတ်ပုံရိုက်လို့မရဘူး။ မိသားစု၀င်တောင်  ၃ ယောက်လောက်ပဲ လာကြည့်ခွင့်ပေးတာ။”

စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်ခံရတဲ့ အသက် ၄၂ နှစ်အရွယ် ကိုဇေယျာဖြိုးဟာ ပန်းထိမ်လုပ်ငန်း လုပ်ကိုင်ပြီး  သူ့မှာ ၁၂ နှစ်အရွယ် သမီးငယ်နဲ့ ဇနီးသည်တို့ ကျန်ရစ်ခဲ့ပါတယ်။ 

သူ့အလောင်းကို ဇီးကုန်းဆေးရုံကနေ ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီမှာ နာရေးကား နဲ့သယ်လာပြီး မြောင်ကြီးတောသုသာန်မှာ စစ်ကောင်စီရဲ့အစီအမံနဲ့ သင်္ဂြိုဟ်လိုက်တယ်လို့ ဇီးကုန်းမြို့နေသူတယောက်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း ရွှေတောင်မြို့နယ်မှာ တယောက်၊ နတ်တလင်းမြို့မှာ တယောက် အခုလိုမျိုး ဖမ်းဆီးသွားပြီး အလောင်းလာကြည့်ဖို့ အကြောင်းကြားကာ စစ်ကောင်စီက မီးရှို့သင်္ဂြိုဟ်ပြီး အစဖျောက်ခဲ့သေးတယ်လို့ ဒေသခံတွေထံကသိရပါတယ်

2 mins Ago

December 19, 2020

ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်ကို အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်မှာ ဆွမ်းလာကပ်သူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာကြောင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်‌ကစပြီး အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ်  Facility quarantine center တာဝန်ရှိသူတဦးဖြစ်သူ ကိုဇော်သိန်းက ပြောပါတယ်။ ပိုးတွေ့လူနာဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ညနေပိုင်းက ရွှေဖောင်ဦးကျောင်းရဲ့ စားဖိုဆောင်မှာ ဆွမ်းဝင်ချက်ခဲ့ပြီး ၁၇ ရက်နေ့မှာ အနံ့ပျောက်တာကြောင့် စစ်ဆေးရာမှ ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။ ပိုးတွေ့လူနာနဲ့အတူ ဆွမ်းချက်ခဲ့တဲ့ ကျောင်းဝေယာဝစ္စ  လုပ်သူတွေကို ဇီးကုန်းမြို့ Facility quarantine center မှာ  ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ သံဃာအပါး ၆၀ ရှိပြီး ဆွမ်းအတွက် ဘုန်းကြီးကျောင်းရဲ့ အပြင်ကနေ စီစဉ်ပေးထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဇီးကုန်းမြို့ မှာ ဒီနေ့အထိ ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ပြီး ကွာရန်တင်းဝင်နေသူ ၁၂၄ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - ပြည့်ဖြိုးကိုကို
2 years Ago
Up