close

ဇီးတောစံပြကျေးရွာ

close

August 12, 2022

ဘုတလင်မြို့နယ် ဇီးတောစံပြကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောစံပြကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၁၂ ရက် မနက် ၄ နာရီလောက်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ဇီးတောစံပြကျေးရွာဟာ မုံရွာ-ဘုတလင်သွား ကားလမ်းဘေးမှာ ရှိပြီး စစ်ကောင်စီတပ်က အင်အား ၈၀ ကျော်နဲ့ လာရောက်မီးရှို့ခဲ့ကြတာပါ။

ဒေသခံအမျိုးသမီးတဦးက “မနေ့က အလုံမြို့ ကြီးဗတုံရွာကနေ ကျမတို့ရွာကို ဝင်ပြီး တပ်စွဲတယ်။ ဒီနေ့ ပြန်ထွက်တော့ အခုလို ရွာကို မီးရှို့သွားတယ်။ ရွာတောင်ဘက်မှာ တိုးဂိတ်ကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာလာပြီး သူတို့ကို မိုင်းဆွဲလို့ အခုလို မီးရှို့တာ ဖြစ်နိုင်တယ်။ အခု အိမ်ခြေ ၄၀ ကျော် မီးလောင်တယ်” လို့ ပြောပါတယ်။

ဇီးတောစံပြကျေးရွာဟာ စစ်ကောင်စီတပ် အခြေစိုက်စခန်းဖြစ်တဲ့ နမခဌာနချုပ်နဲ့ အနီးဆုံး ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

သြဂုတ် ၁၁ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီးရွာ) မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမအတွင်းမှာ သောက်စားပြီးတိုင်း ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အရင်ရက်တွေကလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေကြောင့် အေးချမ်းစွာနေထိုင်နေကြတဲ့ ပြည်သူတွေဟာ လက်နက်ကြီး ထိမှန်ခံရမှာ ကြောက်တာကြောင့် နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးခဲ့ကြရသလို လူမရှိတဲ့ နေအိမ်တွေက အိမ်မွေးတိရစ္ဆာန်တွေကို အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ခိုးယူစားသောက်တာ၊ သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း ခိုးယူတာတွေ လုပ်ဆောင်နေကြတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဘန့်ဘွေးရွာမဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာ တည်ရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲနေထိုင်လာတာ ၆ လ ဝန်းကျင် ရှိနေပြီဖြစ်ကာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေတောင်းတာ၊ အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေ ခိုးယူတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့တွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း သြဂုတ် ၁၀ ရက် ညပိုင်းက တခြားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြောင်းပြာ ကျေးရွာက ဒေသခံအမျိုးသမီး ၂ ဦး အပါအဝင် အိမ်မွေးတိရစ္ဆာန်တွေလည်း လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး သြဂုတ် ၁၁ ရက် ညနေပိုင်းကလည်း ရင်ပေါင်တိုင်ကျေးရွာ အပါအဝင် တခြားကျေးရွာတချို့ကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်တွေ အသုံးပြုပြီး ပစ်ခတ်ခဲ့လို့ ပြည်သူတချို့ သေဆုံးခဲ့ပေမဲ့ အရေအတွက် အတိအကျ မသိရသေးသလို ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ဒေသခံအများအပြားလည်း ထွက်ပြေးနေကြရပါတယ်။

7 mins Ago

June 8, 2021

ရေစကြို ဇီးတောစံပြရွာအလယ်တန်းကျောင်း မီးလောင်၊ စစ်တပ်က ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဇီးတောစံပြကျေးရွာမှာ ဇွန်လ ၇ ရက်နေ့ညက အခြေခံပညာ အလယ်တန်းကျောင်း မီးလောင်ခဲ့ပြီးနောက် စစ်တပ်ကရွာကို သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ဇီးတောစံပြကျေးရွာမှာ ည ၉ နာရီလောက်က အ.လ.က စာသင်ကျောင်း မီးလောင်နေပြီးတော့ မီးသတ်ကားနှစ်စီး၊ ရဲကားတစ်စီး၊ စစ်ကား လေးစီးနဲ့ ရောက်လာပြီး အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော်လောက်နဲ့ ရွာကိုဝိုင်းထားတယ်လို့ ဇီးတောရွာက လူငယ်တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ  ရွာထဲမှာ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီးတော့ ရွာကို မီးရှို့ပစ်မယ်လို့ ကြိမ်းမောင်းနေပြီးတော့ အခု စာသင်ကျောင်း မီးလောင်မှုဟာ ဒလန် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ရွာသားတွေက  ဆိုပါတယ်။

စစ်ကားတွေ ဝင်လာတာကြောင့် ဇီးတော စံပြကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ပြီးခဲ့တဲ့လကလည်း ရွာကို ၃ ကြိမ် ဝင်စီးခဲ့ပြီးတော့ ပြည်သူတွေရဲ့ နေအိမ်တွေ ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားပါတယ်။

1 year Ago
Up