စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာက ရွာသူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသားအများအပြားကို ဇူလိုင် ၂၉ ညနေမှာ စစ်တပ်က ဖမ်းဆီးသွားပြီး ရိုက်နှက် စစ်ဆေးကာ ဒီကနေ့တော့ ရွာကနေ ခေါ်ထုတ်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဇီးပင်တွင်းကျေးရွာသူ အမျိုးသမီးတစ်ဦးက “ကျမတို့ရွာကို ဇူလိုင် ၂၉ ရက် မနက်ခင်းမှာ စစ်ကောင်စီတပ်တွေ ဝင်လာတယ်။ ဝင်လာပြီးသေနတ်နဲ့ဖောက်တယ်ရှင့်။ အသံတွေကတော့ ဆူညံနေတာဘဲ။ လက်နတ်ကြီးလား၊ လက်နက်ငယ်လားတော့မသိဘူး။ အသံအကျယ်ကြီးတွေ လည်း ကြားရတယ်။ အဲလိုပစ်ပြီးဝင်လာတော့ ရွာအပြင်ထွက်ပြေးတဲ့သူတွေရှိသလို၊ ဘုန်းတော်ကြီးကျောင်းမှာ ပုန်းနေတဲ့သူတွေလည်းရှိတယ်လေ” လို့ပြောပါတယ်။
စစ်တပ်က ရွာမှာ မွှေနှောက်ရှာပြီး နေအိမ်တွေနဲ့ ပရိဘောဂ ပစ္စည်းတွေကို ဖျက်ဆီးကာ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာရှိတယ်လို့လည်း ရွာသူတစ်ဦးက ပြောပါတယ်။
အဖမ်းမခံရဘဲ ကျန်ရစ်တဲ့ဇီးပင်တွင်းရွာခံအမျိုးသမီးတစ်ဦးက “ရွာထဲကအိမ်တစ်အိမ်ကို ဖျက်ဆီးတယ်။ တံခါးပေါက်တွေ ဖြုတ်ပြီး မီးရှို့တာ၊ အတွင်းပရိဘောဂတွေနဲ့ ရေစက်တွေကို မီးရှို့တာတွေလည်း လုပ်တယ်ရှင့်။ ဒါပြီးတော့ ကျမတို့ ပုန်းနေတဲ့ ဘုန်းကြီး ကျောင်းထဲဝင်ပြီး အသက် ၅၀ ကျော်အမျိုးသမီးကို ဖမ်းပြီး အသေအလဲရိုက်ကြတော့တာပဲ။ အဲလိုရိုက်လို့ အရိုက်ခံရသူရဲ့ သမီးက သူအမေမှာ ဘာအပြစ်မှလုပ်ထားတာမရှိလို့ မလုပ်ကြဖို့ တောင်းပန်ရှာတယ်။ အဲဒီတောင်းပန်တဲ့သူသမီးပါ လက်ပြန်ကြိုးတုပ် ဖမ်းဆီးလိုက်ကြတာ။ စစ်ခွေးတွေက မိုက်ရိုင်းတယ်ရှင့်” လို့ ဒီဗွီဘီကို ပြောပြပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းထဲ ပုန်းနေတဲ့ အမျိုးသား ၁၀ ယောက် ထက်မနည်းကိုလည်း ဖမ်းသွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။
ဇီးပင်တွင်းရွာမှာ စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာ အခုအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။
ပထမအကြိမ် မေလ ၁၂ ရက်ကလည်း ရွာသား အယောက် ၃၀ ကို စစ်တပ်က ဖမ်းဆီးသွားပြီး အသက်၇၀ကျော်တွေနဲ့ အသက်မပြည့်သေးတဲလူငယ်တွေပြန်လွှတ်ပေးခဲ့ပေမဲ့ ရွာသား ၈ ဦး ကတော့ ယနေ့အချိန်အထိ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို လုံးဝလက်မခံဘဲ စစ်အာဏာရှင် စနစ် အဆုံးသတ်ရေးအတွက် တဖက်မှာ နေ့စဉ် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသလို လက်နက်ကိုင် တော်လှန်နေကြသူတွေလည်း ရှိပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဇီးပင်တွင်းရွာကို စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့က မေ ၁၂ ရက် မနက်အစောပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပါတယ်။
ဒေသခံ တစ်ဦးက "သူတို့က မနက် ၄ နာရီခွဲ ၅ နာရီလောက်ထင်တယ်။ ရွာကို အရင်ဝိုင်းထားတယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ ဘယ်ပစ်တယ်တော့ မသိဘူး။ မြေကြီးပါ တုန်သွားတယ်။ အဲတာပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတဲ့သူတွေ ရောက်လာတယ်။ အိမ်တွေထဲဝင်ရှာပြီး ရိုက်နှက်စစ်ဆေးတယ်။ အခုလက်ရှိအချိန်ရွာသား ၃၀ ကျော်ဖမ်းထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကလည်း ဇီးပင်တွင်းရွာကို အကြမ်းဖက်တပ်တွေက ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို ဖျက်ဆီးဝင်ရောက်ကာ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေ၊ အဝတ်အထည်တွေကို လုယူသွားတယ်လို့ သိရပါတယ်။
လက်ရှိအဖမ်းခံရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အများစုပါဝင်နေပြီး အမျိုးသားအများစုကတော့ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အကြေား ပစ်ခတ်မှုတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါ အသုံးပြု အင်အားသုံးဖိနှိပ်မှုနေပါတယ်။
ပစ်ခတ်မှုတွေအတွင်း ကနီဒေသမှ ပြည်သူ ၃၀ ဝန်းကျင် ကျဆုံးခဲ့ပြီး ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံနေရတယ်လို့ တိုက်ပွဲဦးဆောင်သူတစ်ဦးက ပြောပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ရင်ဆိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်ဘက် ကလည်း လူဦးရေ ဆယ်နဲ့ချီကာ သေဆုံးနေပါတယ်။ ဒီအတွက် စစ်ကောင်စီအကြမ်းဖက်တပ်တွေက အငြိုးထားကာ စိတ်ဝေဒနာရှင်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။
ကနီမြို့နယ် သမင်ခြံရွာမှာ မေလ ၁၁ ရက် ညက အကြမ်းဖက် စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် စိတ်ဝေဒနာရှင် ရွာသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကနီ၊ တမူး၊ တန့်ဆည်မြို့တွေမှာလည်း စစ်ကောင်စီအကြမ်းဖက် တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။