အင်းစိန်ထောင်ဗုံးကွဲပြီး ထောင်ဝင်စာ ပို့ခွင့် ပိတ်ထားချိန် ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ပို့ခွင့် ပြုခဲ့တဲ့ ထောင်ပိုင်တဦးကို စစ်ဆေးနေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ငွေကြေးရယူကာ ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ဆက်တိုက်ပို့ခွင့်ပြုခဲ့လို့ ဝန်ထမ်းအချင်းချင်း တိုင်ကြားရာက အဲဒီထောင်ပိုင်ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။
အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူက "အခွင့်ထူးခံပေါ့။ ပိုက်ဆံရလို့ ပို့ခွင့်ပြုတာ။ ပို့ခွင့်ပြုတဲ့ ထောင်ပိုင်ကို အခု ခုံရုံးဖွဲ့ပြီး စစ်နေတယ်။ တာဝန်က အနားပေးမလား။ ဖမ်းဆီးအရေးယူမလား မသိသေးဘူး။ နာမည်ကတော့ ထုတ်ပြောလို့ မရဘူး" လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲကာ ဝန်ထမ်း သုံးယောက်နဲ့ ထောင်ဝင်စာပို့သူ ၅ ယောက် သေဆုံးခဲ့သလို ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီးနောက် ထောင်ဝင်စာပို့ခွင့်ကို အောက်တိုဘာ ၃၁ ရက်အထိ နှစ်ပတ်လောက် ပိတ်ထားခဲ့ရာက နိုဝင်ဘာ ၁ ရက်က စပြီး ထောင်ဝင်စာပို့ခွင့် ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ-၂၄နဲ့ အမှု ရင်ဆိုင်နေရတဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဇေသီဟတို့ကို မတ် ၂၂ ရက်မှာ ဗဟန်းမြို့မ ရဲစခန်းက ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်ကို ပို့ခဲ့တာပါ။
သူတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုလုပ် တိုင်ကြားခဲ့တာကြောင့် ဗဟန်းမြို့မရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တရားစွဲဆိုထားတဲ့ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ -၂၄ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်း ခရိုနီတဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇေကမ္ဘာကုမ္ပဏီအနေနဲ့ စစ်တပ်မြေကို ငှားရမ်းအသုံးပြုပြီး စာချုပ်ပါအတိုင်း ငှားရမ်းခပေးဆောင်ဖို့ ကျန်ရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“စာချုပ်မှာပါတဲ့အတိုင်းပေးဖို့ ကျန်တဲ့ ၂၄.၈၂၉ သန်းကျန်တယ်။ အဲဒါကိုပေးဖို့ စစ်ထောက်ချုပ်ရုံးကနေ ၈ ကြိမ် အကြောင်းကြားတယ်။ ဒါတင်မကသေးဘူး၊ အဲ့နောက်ပိုင်း ရှေးဟောင်းအဆောက်အဦတခုကို ဖျက်ဆီးခဲ့တယ်။ ခုတရားစွဲတာကတော့ ၂၀၁၄ ထဲက စွဲထားတဲ့ ရှေးဟောင်းအဆောက်အဦဖျက်ဆီးမှုနဲ့ဖမ်းတာ” လို့ ပြောဆိုခဲ့တာပါ။
ဒါ့ပြင် မြေငှားသူရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြေပြုပြင်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာနပိုင်တဲ့ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦဖြစ်တဲ့ မြို့တော်ဝန်အိမ်ဟောင်းနဲ့ မြို့တော်ဝန်ဧည့်ဂေဟာတို့ကို ခွင့်ပြုချက်မရှိဘဲ ဖျက်ဆီးတာကြောင့် ခုလိုတရားစွဲတာလို့ ဆိုပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကို ရှေးဟောင်းအဆောက်အဦများ ကာကွယ်ရေးဥပေဒ ပုဒ်မ ၂၄ နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ရဲအရေးပိုင်တဲ့ ကိစ္စဖြစ်တာကြောင့် ရဲလုပ်ငန်းစဉ်အတိုင်း ဖမ်းဆီးစစ်ဆေးတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူတို့ ဖမ်းဆီးသွားပြီး နောက်တနေ့မှာပဲ အင်းစိန်ထောင်ကို ပို့ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။