ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲ ၁၈ ရက် ကြာအပြီး မတ် ၁၃ ရက်မှာ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာဇေလန်စကီက “ကျနော်တို့ နိုင်မယ်၊ ခံစားကြည့်လို့တောင် ရတယ်”လို့ ပြောင်ပြောင်တင်းတင်း ပြောထားတဲ့ ရုပ်သံကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ငြိမ်းချမ်းမှုထိန်းသိမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ယာဗိုရိဗ် နိုင်ငံတကာဌာနကို ရုရှားက လေကြောင်း တိုက်ခိုက်ခဲ့လို့ လူ ၃၅ ယောက် သေဆုံးအပြီးမှာ နေ့ရက်တွေက မှောင်လာတယ်လို့ ဇေလန်စကီက ပြောပါတယ်။
ယူကရိန်းနိုင်ငံကို လေယာဉ်မပျံသန်းဇုန်အဖြစ် သတ်မှတ်ဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးကို ဇေလန်စကီက ထပ်ပြီး ဆော်ဩခဲ့ပါတယ်။
“ယူကရိန်းပြည်သူတွေက ဘယ်လို ညီညွတ်ရမယ်ဆိုတာ သိကြတဲ့ အကျိုးကျေးဇူးကြောင့် ကျနော်တို့ နိုင်မှာပဲ။ ကျနော်တို့ဟာ ကိုယ့်ပြည်သူအပေါ် အမြဲအားကိုးနိုင်တယ်” လို့ ကိယက်ဗ်မြို့ စစ်ဆေးရေးစခန်းကို သွားရောက်ရင်း ဇေလန်စကီက မတ် ၁၃ ရက်မှာ ပြောပါတယ်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား ကိုယ်စားလှယ်အဖွဲ့နဲ့ နေ့တိုင်း ရုပ်သံညီလာခံကနေ ဆွေးနွေးနေတယ်လို့ ပြောရင်း ရုရှားအစိုးရနဲ့ နောက်ထပ် ညှိနှိုင်းဖို့ မျှော်လင့်ချက်ကိုလည်း ဇေလန်စကီက ပေးထားပါတယ်။
ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ကြား ဆွေးနွေးရာမှာ သိသာတဲ့ တိုးတက်မှုတွေရထားပြီး မကြာခင် သဘောတူညီချက်မူကြမ်း ရေးနိုင်တဲ့အဆင့်ကို ရောက်နိုင်တယ်လို့ ရုရှားကိုယ်စားလှယ် လီယိုနစ် စလွတ်စကီကို ကိုးကားပြီး ရုရှအခြေစိုက် ရီယာသတင်းဌာနက မတ် ၁၃ ရက်မှာ ပြောပါတယ်။