မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခုလအတွင်း ကွမ်းသီး ဈေးတွေ ဈေးကောင်း ရရှိကြတယ်လို့ ကွမ်းသီးစိုက်တောင်သူတွေက ပြောပါတယ်။
အရင် လေးလလောက်က ရေးကွမ်းသီး ဒေသပေါက်ဈေး ၁ ပိဿာမှာ ကျပ် ၃၀၀၀ ကျော်ရပြီး အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ကွမ်းသီး ဈေးတွေ တဖြည်းဖြည်းနဲ့ မြင့်တက် လာတော့ အခုဆိုရင် ပေါက်ဈေးမှာ ကျပ် ၇၈၀၀ ကျပ်အထိ ဈေးကောင်းတယ်လို့ ဒေသခံ ခြံရှင်တွေက ပြောပါတယ်။
ကွမ်းသီး ဈေးတွေ ဈေးကောင်း ရရှိလာခဲ့သလို ရာဘာဈေးတွေက ရာဘာ ၁ပေါင်မှာ ပုံမှန်ဈေး ၆၀၀ ကျပ် ဝန်းကျင်မှာ ရှိပြီး အခု ကျပ် ၇၅၀ အထိ ရရှိကြတယ်လို့ ရာဘာခြံသမားတွက ပြောပါတယ်။
ကွမ်းသီးနဲ့ ရာဘာဈေးတွေ ဈေးကောင်းလာ ပေမယ့် ရာသီပေါ် ဒူးရင်းသီးနဲ့ သံပုရာသီး ဈေးတွေက ဈေးတွေ တဖြည်းဖြည်းနဲ့ထပ်မံ ကျဆင်းလာနေတော့ ဒူးရင်းသီးနဲ့ သံပုရာသီး ခြံရှင်တွေ က တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်က ထွက်ရှိတဲ့ သံပုရာသီး စျေးကွက်မှာ အခုအချိန်ဟာ ဈေးကောင်းရရှိရမယ့်ရာသီကာလ ဖြစ်ပေမယ့် သံပုရာသီး ဈေးနှုန်းတွေ ထက်ဝက်ကျော်လောက် ကျဆင်းလာနေတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
သံပုရာသီး ဒေသပေါက်ဈေးမှာ ယခင်နှစ်က အခုလို ရာသီအချိန်မှာဆို ပေါက်ဈေး ရှယ်သီးဈေးက တစ်လုံးကို ကျပ် ၁၀၀ လောက်ရပေမယ့် အခုလို စစ်အာဏာသိမ်းပြီးနောက် ယနေ့ပေါက်ဈေး တစ်လုံးကို ၃၂ ကျပ်သာရရှိတယ်လို့ စိုက်ပျိုး တောင်သူတွေက ပြောပါတယ်။
သံပုရာသီးတင်ပို့မှုလည်း အခုရာသီချိန်မှာ သံပုရာသီးကုန်ကြမ်းတွေ ဝင်ရောက်လာနေ ပေမယ့် အရောင်းအဝယ်က အေးနေပြီး သံပုရာသီး တင်ပို့မှုက ကျဆင်းလာနေတယ်လို့ ဒေသခံ သံပုရာသီးကုန်သည် တစ်ဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ သံပုရာသီးစိုက်ပျိုးရေးလုပ်ငန်းကို အဓိက စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ စိုက်ပျိုးကြပြီးတော့ သံပုရာသီးထွက်ရှိမှုက တစ်ရာသီမှာ အလုံးရေ သန်း နဲ့ ချီရှိတယ်လို့ ဆိုပါတယ်။