ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားသုံးငွေနဲ့ပတ်သတ်ပြီး ညွှန်ကြားချက်တွေကို မရိုးနိုင်အောင် ထုတ်ပြန်နေပေမယ့် ထူးခြားမှု ရှိမလာဘဲ လုပ်ရကိုင်ရတဲ့ အခြေအနေသာ ပိုဆိုးလာတယ်လို့ လုပ်ငန်းရှင်တွေနဲ့စီးပွားရေးသုတေသီတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးနဲ့ပတ်သက်ပြီး လိုက်နာရမယ့် ညွှန်ကြားချက်တွေကို အမျိုးစုံ ထုတ်ပြန်နေတာပါ။ အနီးစပ်ဆုံးပြန်ကြည့်ရင် ဗဟိုဘဏ်ရဲ့ ၁၆-၈-၂၀၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းချက်ပါ စာများအရ နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေနဲ့ ပို့ကုန်တင်ပို့သူတွေဆီက ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်း အနက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ထံမှ ဖြစ်စေ နိုင်ငံခြားငွေတွေကို ဝယ်ယူခဲ့ပြီး ဖြစ်တာကြောင့် မိမိတို့ဝယ်ယူထားရှိတဲ့ အဆိုပါ နိုင်ငံခြားငွေတွေထဲက စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေေနဲ့ စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေဆီ ရောင်းချပေးခဲ့တဲ့စာရင်းအား နေ့စဉ် မပျက်မကွက် ပေးပို့သွားရမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။
ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ အခုလို ညွှန်ကြားချက်တွေဟာ ဈေးကွက်စီးပွားရေးစနစ်ရဲ့ ယန္တရားကိုသာ ပျက်စီးစေပြီး လုပ်ရကိုင်ရတာ ခက်ခဲလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “အခုဟာ ပို့ကုန်တွေက ကျနေတဲ့အပြင် ပို့ကုန်သမားတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတာ မဟုတ်ဘူး။ ပို့ကုန်က ရတဲ့ နိုင်ငံခြားငွေကို အရင်ကဆိုရင် သူတို့သတ်မှတ်ဈေးနဲ့ ၁၀၀ ရာခိုင်နှုန်း တခါတည်း လဲယူလိုက်တာ။ အခုတော့ ၆၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်။ ဆိုတော့ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို အပြင်ပေါက်ဈေးနဲ့ ရောင်းချခွင့် ပေးတယ်ဆိုပေမဲ့ ဘယ်သူ့ကိုရောင်းတာလဲ။ ဘယ်လောက်ရောင်းတာလဲဆိုပြီး အနောက်မှာ စစ်ဆေးရေးတွေ လိုက်နေတာက မဖြစ်သင့်ဘူး လေ။ လိုက်တော့ လူတွေက အလုပ်လုပ်လို့ မရဘူး။ အမှန်ဆို ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ ဘယ်သူ့ကို ရောင်းရောင်းပေါ့ဗျာ။ ပြီးတော့ အရင်ကဆိုရင် သွင်းကုန်သမားတွေက ပို့ကုန်သမားတွေနဲ့ ချိတ်ဆက်ထားကြတာ။ ဒီတော့ ပို့ကုန်သမားတွေက ဒေါ်လာ ရလာလို့ရှိရင် ဈေးကွက်ပေါက်ဈေးအတိုင်း သွင်းကုန်သမားတွေကို ပြန်ရောင်း။ ဒီလိုနဲ့ ဈေးကွက်က လည်ပတ်နေတာ။ အခုတော့ ဈေးကွက်က ပျက်နေပြီ။ လုပ်ရကိုင်ရတာ ဘယ်သူမျှ အဆင်မပြေတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုင်းပြည်ရဲ့စီးပွားရေးကို တည်ငြိမ်အောင် မှန်ကန်တဲ့ ငွေကြေးမှုဝါဒတွေ ချမှတ်ဖို့အတွက် ဗဟိုဘဏ်မှာ တာဝန်ရှိတာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဗဟိုဘဏ်ဟာ စစ်ကောင်စီရဲ့ လက်ဝေခံသာ ဖြစ်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။
စီးပွားရေးသုတေသီတဦးက “ဗဟိုဘဏ် ဆိုတာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ပညာရှင်တွေက တိုင်းပြည်စီးပွား ရေးနဲ့ပတ်သက်ပြီး ငွေကြေးပေါ်လစီရဲ့အောက်မှာ လုပ်ရမယ့် policy instrument တွေကတော့ အများကြီးရှိတာပေါ့။ ပြောချင်တာက ငွေကြေးပေါ်လစီက ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လို လုပ်ရမယ် ဆိုတာကို ပညာရှင်တွေက တိုင်ပင် ဆွေးနွေးပြီး လုပ်ကြတာပေါ့။ အခုဟာက စစ်အုပ်ချုပ်ရေးလက်အောက်မှာဆိုတော့ ဗဟိုဘဏ်က ခိုင်းရာစေ စေရာသွား ဖြစ်နေပြီ။ ဒီတော့ ဗဟိုဘဏ်ရဲ့ ပေါ်လစီတွေက မတည်ငြိမ်ဘူးဖြစ်နေတာပေါ့။ ဘာကြောင့်လဲဆို တရက် တမျိုး မရိုးနိုင်အောင် အမိန့်ညွှန်ကြားချက်တွေ ထုတ်နေတာ။ ပြီးတော့ သူ့ရဲ့ အမိန့်ညွှန်ကြားချက်တွေကလည်း ရှေ့နောက် ညီညွတ်မှု ရှိရဲ့လား။ ဈေးကွက်စီးပွားရေး စနစ်နဲ့ ညီညွတ်မှု ရှိရဲ့လားပေါ့။ ကျနော်တို့ တွေ့တာကတော့ အကောင်းဖြစ်တာထက် အဆိုးဖြစ်တာ ပိုများနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင်က မိမိတို့ စတင်တာဝန်ယူချိန်ကာလတွင် ဘဏ်စနစ်များ ပြိုလဲမှု မရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး ဘဏ်တွေအပေါ် ပြည်သူတွေ ယုံကြည်မှု ရှိဖို့ နဲ့ စီးပွားရေး အားကောင်းအောင် ဆောင်ရွက်ရာမှာလည်း ငွေကြေးစနစ်တွေ ကောင်းမွန်ဖို့ လိုအပ်တာကြောင့် ဒါတွေကို ပြန်လည်အားကောင်းအောင် ဆောင်ရွက်ကြရမယ်လို့ လက်အောက်ခံ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်)နေ့က ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၃၃၁ ကျပ် ရှိပြီး ဈေးကွက်မှာ ၁၄၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ရှိခဲ့တာပါ။
လက်ရှိမှာတော့ ဒီနေ့(သြဂုတ် ၂၉ ရက်)အတွက် ဗဟိုဘဏ် ရည်ညွှန်းဈေးက ၂၁၀၀ ကျပ်လို့ ဆိုပေမယ့် ဈေးကွက်မှာတော့ ကျပ် ၃၂၀၀ နဲ့ ၃၃၀၀ အကြားမှာ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေလဲနှုန်းက စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၁နှစ်ခွဲကာလမှာ နှစ်ဆကျော် မြှင့်တက်သွားပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ကုန်သွယ်မှုပိုငွေ ရရှိအောင် ဆောင်ရွက်နိုင်တယ်လို့ ပြောဆိုနေပေမယ့် အမှန်က ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်ဆီးပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ဆီ လှမ်းနေတာလို့ စီးပွားရေးသုတေသီတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီခေါင်းဆောင်က ကုန်သွယ်မှုနဲ့ပတ်သတ်ပြီး သွင်းကုန်တွေအပေါ် ကန့်သတ်ခဲ့တာကြောင့် (အာဏာသိမ်းခဲ့တဲ့) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ၂၀၂၂ ခုနှစ် မေလအထိ မြန်မာနဲ့အခြားနိုင်ငံတွေအကြား ကုန်သွယ်မှုမှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၄၀ ရရှိထားတယ်လို့ ဇွန် ၁၇ နေ့ရက်မှာ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ လက်တွေ့ မြေပြင်အခြေအနေမှာတော့ သွင်းကုန်တွေအပေါ် ကန့်သတ်မှုတွေ များလာတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေဟာ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေအပေါ် စီးပွားရေးပညာရှင်တဦးက “အခုဆိုရင် သွင်းကုန်သမားတွေကို ပါမစ်လိုင်စင် မချပေးလို့ အော်နေကြတဲ့သူတွေ အများကြီးပဲလေ။ သူတို့ ပြောတော့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်။ ဒါပေမဲ့ သူတို့ လုပ်နေတာက ဈေးကွက်စီးပွားရေးစနစ်မှ မဟုတ်တာ။ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ မူတည်တယ်။ ပုဂ္ဂလိက ဆိုတာက ဝယ်မယ့်သူရှိရင် သွင်းမှာပဲ။ တကယ်လို့ စီးပွားရေးအရ တွက်ခြေမကိုက်ရင် မသွင်းဘူးပေါ့။ ဒါက ဈေးကွက်စီးပွားရေးစနစ်ပုံစံနဲ့ သွားတာ။ အဲဒီအပေါ်မှာ သူတို့က လိုင်စင်ချမပေးဘူး၊ ဟိုဟာ မသွင်းရဘူး၊ ဒီဟာ မသွင်းရဘူး ဆိုပြီး လုပ်လာရင် ဒါဟာ အစိုးရက ဝင်ရောက်စွက်ဖက်မှု လုပ်လာတာ။ ဒါဆိုရင် ဈေးကွက်စီးပွားရေးစနစ်ပုံစံ မဟုတ်တော့ဘဲ၊ သူတို့ ထိန်းချုပ်တဲ့ စီးပွားရေးစနစ်ပုံစံ ဖြစ်နေပြီ။ တနည်းအားဖြင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ပေါ့။ တိုင်းပြည်ရဲ့စီးပွားရေးကို နိုင်ငံတော်က ချုပ်ကိုင်ထားတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အခုလို ထိန်းချုပ်ကန့်သတ်မှုတွေက မှောင်ခိုဈေးကွက် ကြီးထွားအောင် ဖန်တီးပေးနေသလို ဖြစ်တာကြောင့် စာသုံးသူသာ နစ်နာဆုံးရှုံးရဖို့ ရှိပါတယ်။
စီးပွားရေးမူဝါဒရေးရာ သုတေသီတဦးက “ကန့်သတ်မှုတွေ များလာရင် ဘာဖြစ်လာနိုင်လဲဆိုတော့ ပြည်တွင်းမှာ ပစ္စည်းပြတ်လပ်မှုတွေ ရှိလာတာနဲ့ မှောင်ခိုဈေးကွက်က ပေါ်လာမှာလေ။ ကုန်သည် ဆိုတာမျိုးက ဒီနည်းနဲ့ မရရင် တခြားနည်းနဲ့ လုပ်မှာပဲ။ မြန်မာပြည်မှာ မှောင်ခိုစီးပွားရေးက အကြီးအကျယ် ရှိခဲ့တာနော်။ မှောင်ခိုဈေးကွက်ပေါ်လာရင် ဈေးနှုန်းအမှန် မရတော့ဘူး။ မှောင်ခိုရဲ့ သဘောတရားအရ ပါဝင်ပတ်သက်တဲ့သူတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်လာမယ်။ ဆိုတော့ ကုန်ကျစရိတ်တွေ တက်လာမယ်။ အဲဒီကုန်ကျစရိတ်တွေကို လုပ်ငန်းရှင်က ခံမှာ မဟုတ်ဘူး။ စားသုံးသူက ခံရမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
နောက်ဆက်တွဲဆိုးကျိုးကတော့ မှောင်ခိုလမ်းကြောင်းကတဆင့် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေမှာ အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက် မရှိတာကြောင့် စားသုံးသူက ဒီဒဏ်ကို ထပ်ဆင့်ခံရမယ့် အခြေအနေပါ။ ဒါကြောင့် အုပ်ချုပ်တဲ့ အစိုးရတရပ်ရဲ့ တာဝန်က အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေ ဝင်မလာအောင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးဖို့ လိုတဲ့အပြင် ဈေးနှုန်းမှန်ကန်အောင် စောင့်ကြည့်ရမယ့် တာဝန်ကလွဲလို့ ဈေးကွက်ပျက်ပြားအောင် ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဖို့ လိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာမှာ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး တိုးတက်၊ ဆုတ်ယုတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံအား ကွက်လပ်ထားပြီး ချန်လှပ်ထားပါတယ်။
ကမ္ဘာ့ဘဏ်က ထုတ်ဝေတဲ့ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအစီရင်ခံစာကို နှစ်စဉ် ဇွန်လမှာ ထုတ်ပြန်လေ့ရှိပါတယ်။ အခု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားပေမယ့် မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ခန့်မှန်း တွက်ချက်နိုင်မှု မရှိတာကြောင့် ကွက်လပ်ထားပြီး ချန်လှပ်ထားခဲ့ရတာပါ။
အခုလို ချန်လှပ်ထားရတဲ့အကြောင်းရင်းက အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေဆီမှ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက မခန့်မှန်းနိုင်တော့တဲ့အတွက် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံနည်းတူ အာဖကန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် နိုင်ငံတို့ရဲ့ စီးပွားရေးအခြေအနေအား ကမ္ဘာ့ဘဏ်က ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဒီနောက် ယခုနှစ် အစောပိုင်းထုတ်ပြန်ချက်မှာတော့ မြန်မာ့စီးပွားရေးဟာ ၁ ရာခိုင်နှုန်းသာ တိုးတက်ဖို့ရှိပြီး အလွန်စိုးရိမ်စရာ အခြေအနေမှာလည်း ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်မှ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောဆိုထားပါတယ်။
“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမတချက်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်က စိုးရိမ်စရာရှိပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။”
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၂ ခုနှစ်ထုတ် အစီရင်ခံစာပါ ဖော်ပြချက်အရ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ကမ္ဘောဒီးယားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈၊ ထိုင်းက ၂ ဒသမ ၉၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ၅ ရာခိုင်နှုန်းအထက် တိုးတက်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။