အိန္ဒိယဘက်က မျောက်ငိုသီး အဝယ်မလာတော့တာကြောင့် အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ ချင်းတောင်နဲ့ ကလေး ကဘော်တကြောက ဒေသခံတွေဟာ နယ်စပ်ထိ သွားရောက်ကာ ဈေးနှိမ်ရောင်းချနေရတယ်လို့ သိရပါတယ်။
အရင်နှစ်တွေက ချင်းတောင်မြောက်ပိုင်းနဲ့ ကလေးကဘော်ဒေသက မျောက်ငိုသီးတွေကို တဖက်နိုင်ငံ အိန္ဒိယကုန်သည်တွေက ကိုယ်တိုင်လာရောက်ပြီး ဈေးကောင်းပေးဝယ်ခဲ့ကြပေမဲ့ စစ်အာဏာသိမ်းပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပြီးတဲ့နောက် အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ထားလိုက်လို့ အဝယ်မလာကြတော့တာပါ။
အရင်က အိန္ဒိယကုန်သည်တွေက ချင်းတောင်ဘက်ထိ ကိုယ်တိုင်မြေပြင်ဆင်းပြီး မျောက်ငိုသီး တတောင့်ကို ကျပ်ငွေ ၈၀ ထိ ဈေးကောင်း ပေးဝယ်ခဲ့ကြပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ နယ်စပ်ထိ သွားရောက် ရောင်းချနေရတဲ့အပြင် မျောက်ငိုသီး ၁ တောင့် ကို မြန်မာကျပ်ငွေ ၃၇ ကျပ်နဲ့ ဈေးနှိမ်ပြီး အိန္ဒိယဘက်က ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။
“အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ရောင်းချနေကြတာ။ မျောက်ငိုသီးကို ဆိုင်ကယ်ပေါ်တင်ကာ ရောင်းရုံနဲ့တင် အရောင်းအဝယ် ဖြစ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အရင်က အတောင့် ၁၀၀ ကို အိန္ဒိယ ရူပီး ၇၀၀ လောက်ဈေးနဲ့ ဝယ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ အတောင့် ၁၀၀ ကို အိန္ဒိယ ရူပီး ၃၀၀ သာရပြီး အခု မြန်မာငွေနဲ့ဆိုရင် ၁ တောင့်ကို ၃၇ ကျပ်သာသာပဲ ရှိပါတယ်။
လောင်စာဆီးဈေး မြင့်တက်နေချိန်မှာ အခုလို မိုင် ၈၀ လောက် မောင်းနှင် သယ်ဆောင်ကာ နယ်စပ်အထိ သွားရောင်းရတဲ့အပြင် ဈေးနှိမ်ခံနေရတဲ့အတွက် ငွေကြေး နစ်နာနေကြပေမယ့် စားဝတ်နေရေး အဆင်ပြေနိုင်ဖို့ အရောင်းအဝယ် လုပ်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့ ချင်းတောင်နဲ့ ကလေးကဘော်တကြောက ဒေသခံတွေဟာ မျောက်ငိုသီးတွေကို တနိုင်တပိုင် စိုက်ပျိုးရောင်းချ အသက်မွေးကြသူတွေဖြစ်ပါတယ်။