close

ဈေးနှုန်း မြင့်

close

July 9, 2022

ပဲယင်းအနီများ တရုတ်ဝယ်လိုအားများလာသဖြင့် စံချိန်တင်ဈေးနှုန်း မြင့်တက်

ပဲယင်းအနီများ တရုတ်နိုင်ငံဈေးကွက်ပေါက်လာတာကြောင့် ဈေးနှုန်းတွေဟာ စံချိန်တင်မြင့်တက်လာပြီး တရုတ်က ပဲယင်းနီရသလောက် ဝယ်ယူနေတယ်လို့ မန္တလေးပဲနှမ်းကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ဈေးကွက်ပေါက်လာတာကြောင့် ၂၀၂၃ ခုနှစ်မှာ ပဲယင်းအနီဟာ ဆက်လက်ဈေးကောင်းနေနိုင်တယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းပါတယ်။ 

မန္တလေးပဲဈေးကွက်အတွင်းမှာ ပဲယင်းအနီ ဖေဖော်ဝါရီလထဲတုန်းက တအိတ်ကို ငွေကျပ် ၁ သိန်း ၆ သောင်းရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ငွေကျပ် ၂ သိန်း ၃ သောင်းအထိမြင့်တက်လာပြီး တနှစ်အတွင်းမှာ ငွေကျပ် ၇ သောင်းလောက် မြင့်တက်လာတာပါ။ 

“တရုတ်ပြည်ဈေးကွက်မှာ ဈေးကွက်ပေါက်လာတာပေါ့၊ ရသလောက်လည်းဝယ်ယူနေတဲ့အတွက် လာမယ့် ၂၀၂၂ -၂၀၂၃ ပဲရာသီမှာလည်း ပဲယင်းအနီဟာ ဆက်လက်ဈေးကောင်းနေမယ်လို့ ခန့်မှန်းတယ်။ ဖေဖော်ဝါရီလလောက်ကတည်းက ပဲယင်းအနီ တအိတ်ကို မြန်မာငွေ ၁ သိန်း ၆ သောင်းပေါက်ဈေးရှိခဲ့တယ် ဇူလိုင်လဆန်းပိုင်းမှာတော့ ၂ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိနေတယ်” လို့ မန္တလေးပဲကုန်သည်တဦးက ပြောပါတယ်။

ပဲယင်းအနီတွေဟာ တရုတ်နိုင်ငံကို ပဲမျိုးအသစ်အနေနဲ့ တင်သွင်းတာဖြစ်ပြီး လူကြိုက်များတာကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ သိရပါတယ်။ အဲ့ဒီပဲတွေကို တရုတ်နိုင်ငံက ဖေဖော်ဝါရီလထဲက စတင်ဝယ်ယူနေတာဖြစ်ပြီး တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာတာလို့ သိရပါတယ်။

ပဲယင်းအနီဟာ တဧကကို ၁၅ တင်းနဲ့ တင်း ၂၀ ကြားမှာထွက်ရှိတတ်ပြီး ရိုးရိုးပဲယင်းတွေလိုပဲ စိုက်ပျိုးရကာ သိုလှောင်သိမ်းဆည်းရာမှာလည်း ပိုးသတ်ဆေး ဖြန်းစရာမလိုဘဲ ထိန်းသိမ်းထားနိုင်တယ်လို့ ပဲကုန်သည်တဦးက ပြောပါတယ်။ 

“ပဲယင်းအနီက ပဲယင်းအဝါလိုပဲစိုက်ပျိုးရတယ် ရှေ့နှစ်မှာ ပဲယင်းအဝါတွေလိုပဲ ပဲယင်းအနီတွေကို တိုးချဲ့စိုက်ပျိုးလာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ပဲယင်းအနီနဲ့အဝါကတော့ အရောင်ပဲကွာတာပါ စိုက်ပျိုးရတာချင်းလည်းအတူတူပဲ။ အားသာချက်ကတော့ သူက ဓာတ်မြေသြဇာသုံးစရာမလိဘေ သဘာ၀ မြေသြဇာနဲ့စိုက်ပျိုးရင်လည်း ဖြစ်ထွန်းအောင်မြင်တယ်၊ သိုလှောင်တဲ့နေရာမှာလည်း ဓာတုပိုးသတ်ဆေးတွေကို အခြေခံထားတဲ့ ပိုးမွှားမဖျက်ဆီးအောင်လို့ ထိန်းသိမ်းစရာမလိုပဲနဲ့   ဒီတိုင်းသိုလှောင်ရင်ကို ပိုးကိုက်တာတွေမရှိဘူး။”

ပဲယင်းအနီဟာ ဆောင်းသီးနှံဖြစ်ပြီး တနှစ်မှာ တရာသီသာစိုက်ပျိုးဖြစ်ထွန်းလေ့ရှိကာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ စိုက်ပျိုးကြကာ ဇန်နဝါရီလမှာထွက်ရှိတယ်လို့ သိရပါတယ်။

2 mins Ago

February 27, 2022

ဆန်အမျိုးအစားအလိုက် ဈေးနှုန်း မြင့်တက်လာ

ပြည်တွင်းမှာ အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းတွေ အမျိုးအစားအလိုက် နှစ်ပတ်အတွင်း တစ်အိတ်ကို   ၁၀ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ဒုတိယပတ်က ရှိခဲ့တဲ့စျေးနှုန်းတွေနဲ့ ယှဥ်ရင် အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ ကျော်ထိ မြင့်တက်ခဲ့ပါတယ်။ ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ကျပ် ၁၀,၀၀၀ ကျော်ထိ မြင့်တက်လာတာပါ။

“ဆန်စျေးတွေက တက်ပါတယ်။ ရွှေဘိုပေါ်ဆန်းဆိုရင် နှစ်ပတ်လောက်အတွင်းမှာ အတော် သိသိသာသာ တက်လာတာပါ” လို့ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဆန်ကုန်သည်များအသင်းက ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းတွေအရပြီးခဲ့တဲ့ ဖေဖော်၀ါရီ ဒုတိယပတ်က တစ်အိတ်ကို ကျပ်  ၄၃,၀၀၀ ကနေ ၄၉,၀၀၀ ကြား ရှိခဲ့တဲ့ ရွှေဘိုပေါ်ဆန်း(အသစ်) က အခု ၅၅,၀၀၀ ကနေ  ၅၉,၀၀၀ ကြား ထိစျေးမြင့်တက်နေပါတယ်။

မြောင်းမြ/ပုသိမ်ပေါ်ဆန်းက လက်ရှိ တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၃,၀၀၀ ကြား စျေးရှိပြီး၊ တစ်အိတ်ကို ကျပ် ၂,၀၀၀ စျေးတက်လာပါတယ်။ ကြားပျံရှယ်(သစ်)က တစ်အိတ်ကို ကျပ် ၄၄,၀၀၀ ကနေ ၄၆,၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ကျပ် ၅,၀၀၀ ၀န်းကျင် မြင့်တက်လာပါတယ်။ ရက် ၉၀ ဆန်က တစ်အိတ်ကို ကျပ် ၂၈,၀၀၀ ကနေ ၃၀,၀၀၀ ကြားစျေးပေါက်ပြီး တစ်အိတ်ကို ကျပ် ၃,၀၀၀ ကျော် မြင့်တက်လာပါတယ်။

လက်ရှိမှာ ပြည်တွင်းဆန်အပြင်  ပြည်ပပို့ဆန်နဲ့ ဆန်ကွဲစျေးနှုန်းတွေကလည်း တင်ပို့မှုအားကောင်းပြီး ငွေလဲ နှုန်းမြင့်တက်နေတာကြောင့် စျေးကောင်းနေတယ်လို့သိရပါတယ်။

အခုနှစ်က ပြည်ပတင်ပို့မှုအားကောင်းနေပြီး စပါးစျေးလည်း မြင့်နေတာကြောင့် အခုလိုဆန်စျေးနှုန်းတွေ မြင့်လာတာလို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ မကြာမီ နွေစပါးပေါ်လာရင်တော့ ဆန်စျေးပြန် အေးလာနိုင်တယ်လို့လည်း ဆန်လုပ်ငန်းရှင်က သုံးသပ်ပါတယ်။

အခုဘဏ္ဍာနှစ် ကြားကာလ ဘတ်ဂျတ် လေးလအတွင်းမှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ ဒသမ ၀၇၀ သန်းကျော် တင်ပို့ရောင်းချထားပြီး အရင်နှစ်ထက် တန်ချိန် သိန်းနဲ့ချီပြီး တင်ပို့မှု မြင့်တက်နေပါတယ်။

အခုအခါ စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်း နဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် လာမယ့်နွေဆန်မှာ အထွက်လျော့နိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

4 months Ago
Up