ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့မှာ မတ် ၂၅ ရက်ကစပြီး ညစဉ်ညတိုင်းနီးပါး ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။
မြစ်ကြီးနားမြို့ပေါ် ဗုံးပေါက်ကွဲတာတွေဟာ တလုံးတည်း ပေါက်ကွဲတာမဟုတ်ဘဲ နေရာနဲ့အချိန် မတူညီဘဲ အနည်းဆုံး မိုင်းနှစ်လုံးလောက် ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက ပြောပါတယ်။
“ညတိုင်းလိုလို ကြားနေရတယ်၊ လေး ငါး ခြောက်ရက်ရှိပြီ၊ ဟို မြို့ပေါ် နေရာတိုင်းလိုလိုပေါက်တာ၊ တညမှာ အနည်းဆုံး နှစ်လုံးပဲ၊ တခါတလေ သုံးလေးလုံးပေါက်သလို အသံတွေ ကြားနေရတာ ညတိုင်းပဲ။”
နေ့တိုင်း ဗုံးပေါက်ကွဲမှုတွေ ရှိနေပေမယ့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှုတော့ နည်းပါးတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ခံတွေရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အသံဗုံးပေါက်ကွဲမှုတွေသာ ဖြစ်တယ်လို့ ရေးသားမှုတွေ တွေ့ရပါတယ်။
မြစ်ကြီးနားမြို့ပေါ် ဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ဖြစ်ပွားခဲ့ပေမဲ့ မြို့ခံတွေရဲ့ ပြောပြချက်အရဆိုရင် မတ် ၂၅ ရက်နေ့က စတင်ပြီး ညတိုင်းလိုလို မြို့ပေါ်ရပ်ကွက် လမ်းဘေးတွေနဲ့ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။
အခုလို ဗုံးပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေချိန် ကချင်ပြည်နယ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာမယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။