စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အများပြည်သူလုံခြုံရေးအတွက် အကြောင်းပြပြီး လူ ၅ ဦး ထက် ပိုမစုဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ - ၁၄၄ ကို နိုဝင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီက အမိန့် ထုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုစစ်ကောင်စီက ညမထွက်ရအမိန် ထုတ်ပြန်လိုက်တာကြောင့် မြင်းမူမြို့နယ်အတွင်းက ကုန်စိမ်းရောင်းတဲ့ဈေးတွေ အခက်အခဲနဲ့ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံ ဈေးသည်တွေက ပြောပါတယ်။
ကုန်စိမ်းရောင်းတဲ့ဈေးသည်တွေဟာ မိမိခြံကထွက်တဲ့ ဟင်းသီးဟင်ရွက်တွေကို ညသန်းခေါင်ကျော် တနာရီလောက်ကတည်းက စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ စတဲ့ဈေးတွေဆီကို မနက်လင်းဈေးဖွင့်အမှီ ကြိုတင်ဈေးသွားရောင်းချရတာဖြစ်ပါတယ်။
မြင်းမူမြို့ခံတဦးကတော့ “ဒါသက်သက်စစ်ရေးအရ အာဏာကို အလွဲသုံးစားလုပ်တာပဲဗျ။ ဒီကောင်တွေ သူတို့စစ်ကားတွေ မိုင်းထောင်ခံရတာ၊ မိုင်းဆွဲခံရတာတွေကြောင့် အခုလို ညမထွက်ရအမိန် ထုတ်ပြန်တာ။ ဒီကောင်တွေ ထုတ်တဲ့အမိန့် ဘယ်သူမှမလိုက်နာဘူး။ ကိုယ်ထွက်ချင်ထွက်မှာပဲ။”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း အတွင်းမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ဆင်ရေးလုပ်နေတာ ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ခုခံစစ်ပွဲ ဆင်နွှဲနေတဲ့ အတွက် စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြီး လူ ၅ ယောက်ထက်ပိုမစုဖို့ ကန့်သတ်ထားမြစ်ထားပေမဲ့ တဖက်မှာတော့ စစ်တပ်ထောက်ခံပွဲတွေကို လူအင်အားအလုံးအ ရင်းနဲ့ စီစဉ်ပြုလုပ်နေတာဖြစ်ပါတယ်။
မင်းဘူးခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဆေးရေး ဂိတ် ၂ ခုတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ် ဝင်ပေါက်ဖြစ်တဲ့ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်တွေကို ကိုယ်ပူချိန်တိုင်းတာပေးပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်းမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်ပြန်မယ်လို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။
ပြည်သူတွေ သွားရေးလာရေး၊ ခရီးသည်တင်ယာဉ်အဝင်အထွက်တွေအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ည ၁၂ နာရီ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်မှာလို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ ခရီးသည်တင်ယာဉ်တွေ တိုင်းကျော်သွားလာခွင့်ရပ်နားတာတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။
KTV၊ အနှိပ်ခန်းတွေအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်တဲ့ အမှုပေါင်း ၅၀ ကျော်လောက် အရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိ တွေ့ရှိထားပြီး ၃ ဦးရောဂါပိုးကင်းစင်ကာ ၉ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး