မျက်မှောက်ခေတ်ကမ္ဘာတွင် နိုင်ငံတကာရေးရာကို လေ့လာကြည့်လျှင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိအကျိုးစီးပွား တိုးတက်ရေးကိုသာ ဂရုပြုကြိုးစားနေကြောင်း တွေ့ရသည်။ မည်သည့်ဝါဒကို တံဆိပ်ကပ်ထားသည် ဖြစ်စေ၊ အရင်းမူလ ရည်မှန်းချက်သည် အမျိုးသား အကျိုးစီးပွားကိုသာ အခြေပြု ဆောင်ရွက်ကြမည်ဖြစ်သည်။ ချမှတ်ကျင့်သုံးသည့် သက်ဆိုင်ရာ နိုင်ငံတော်မူဝါဒအရ နိုင်ငံတကာရေးရာများတွင် ပါ၀င်ဆောင်ရွက်ပုံ ကွဲပြားသည်မှအပ အကျိုးစီးပွားသည်သာ ပဓာန ဖြစ်ပေလိမ့်မည်။
ဤသည်မှာ အဆန်းတော့ မဟုတ်ပါချေ။ ထိုသို့ဆောင်ရွက်ခြင်းသည်ပင် လက်တွေ့နိုင်ငံရေး ဖြစ်တော့သည်။
ကမ္ဘာပေါ်တွင် ဖြစ်ခဲ့ကြသော၊ ဖြစ်နေဆဲဖြစ်သော နိုင်ငံရေးတိုက်ပွဲများ၊ စစ်ပွဲများသည် ကမ္ဘာ့နိုင်ငံကြီးများ၏ မဟာဗျူဟာ လိုအပ်ချက်အရသာ ဖြစ်နေကြခြင်း ဖြစ်သည်။ ကမ္ဘာ့အရေးအခင်းတိုင်းသည် အကျိုးစီးပွားနိုင်ငံရေး၏ လိုအပ်ချက်ဖြစ်ကြောင်း သက်သေခံလျက် ရှိသည်။ စစ်ပွဲတိုင်းသည်လည်း နိုင်ငံရေး၏ အဆက်ပင် ဖြစ်တော့၏။
နှစ် ၇၀ ကျော်ကြာနေသော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပွဲများနှင့် ယခုကာလ မြန်မာပြည်သူတို့ ကြုံနေရသော အာဏာရှင် ခုခံတွန်းလှန်စစ်သည်လည်း အာဏာရှင်လက်ဝါးကြီးအုပ်သော စနစ်ဆိုးကို မကျေနပ်ခြင်းတည်းဟူသော နိုင်ငံရေးမကျေလည်မှုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မလွှဲသာသော အခြေအနေများအရ သွေးထွက်သော နိုင်ငံရေးတည်းဟူသော စစ်ပွဲများဖြင့် အာဏာရှင်စစ်တပ်ကို ခုခံတွန်းလှန်နေရသော်လည်း ခုခံရေးသမားများအနေနှင့် နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ မလွတ်ကင်းအပ်ပေ။
အနီးဆုံး အိမ်နီးချင်းနိုင်ငံများ၏ ခုခံစစ်အပေါ် သဘောထားမှအစ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ခုခံစစ်အပေါ် သဘောထားအဆုံး နိုင်ငံအသီးသီး၏ နိုင်ငံရေးမူဝါဒများသည် မိမိတို့ ခုခံစစ်အပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အကျိုးသက်ရောက်နေမည်ဖြစ်သည်။
၎င်းနိုင်ငံများသည်လည်း သူတို့အကျိုးစီးပွားကို အခြေခံပြီးသာ ဆုံးဖြတ်ဆောင်ရွက်ကြမည် ဖြစ်သည်။
မိမိတို့အနေနှင့်လည်း အိမ်နီးချင်း တရုတ်၊ အိန္ဒိယ စသောနိုင်ငံများ၏ မိမိတို့ ခုခံစစ်အပေါ် သဘောထားကို စဉ်ဆက်မပြတ်လေ့လာပြီး အခြေအနေနှင့်ကိုက်ညီအောင် တုံ့ပြန်ဆောင်ရွက်ကာ ဖိနှိပ်ခံပြည်သူများအကျိုး ဆောင်ရွက်နိုင်ရန်မှာ အလွန်အရေးကြီးလှပါသည်။
တရုတ်တို့သည် မြန်မာပြည်မကြီးနှင့် နယ်စပ်တလျှောက်ရှိ ၎င်းတို့အကျိုးစီးပွားအတွက် ချိန်ညှိဆောင်ရွက်သကဲ့သို့ အိန္ဒိယတို့သည် ကုလားတန်စီမံကိန်းမှ အစပြုသော ၎င်းတို့အကျိုးစီးပွားအတွက် ချိန်ညှိဆောင်ရွက်နေကြောင်း တွေ့ရသည်။ ချိန်ညှိဆောင်ရွက်ခြင်းဆိုရာ၌ ၎င်းတို့အကျိုးစီးပွားကို ဖျက်ဆီးနိုင်သော၊ ကာကွယ်နိုင်သော အင်အားရှိသူတိုင်းနှင့် အဆင်ပြေအောင် ပူးပေါင်းနေကြောင်း တွေ့ရသည်။
ဥပမာအနေနှင့် ကုလားတန်စီမံကိန်း တည်ရှိရာ မြန်မာပြည်အနောက်တောင်ပိုင်းဒေသ၏ နိုင်ငံရေး စစ်ရေး ပြောင်းလဲမှုများကို လေ့လာခြင်းဖြင့် တွေ့နိုင်သည်။ ထို့အပြင် ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း၊ မြန်မာပြည်အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ဘက်နယ်စပ်တလျှောက် တရုတ်တို့ အကျိုးစီးပွားတည်ရှိရာ ကုမ္ပဏီများ၊ ကာစီနိုရုံများ တည်ရှိရာ ဒေသများရှိ နိုင်ငံရေးအခြေအနေများကို စောင့်ကြည့် တုံ့ပြန်နိုင်ရန် အလွန်အရေးကြီးလှပါသည်။
စစ်ပွဲအား မိမိနိုင်ငံရေးလိုအပ်ချက် ပြည့်မီအောင် အသုံးချနိုင်ခြင်းသည်သာ မဟာဗျူဟာ အောင်မြင်မှု ဖြစ်ပေ၏။
မိမိတို့ ခုခံစစ်ဆင်နွှဲနေကြသော ပြည်သူများသည်လည်း မိမိတို့အင်အားသည် မိမိတို့နိုင်ငံတွင်းရှိ နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားများကို ထိန်းချုပ်နိုင်ကြောင်း၊ လမ်းဖွင့်နိုင်ကြောင်း အများသိရှိနိုင်စေရန် ပါးနပ်လိမ္မာစွာ ကြိုးစားရမည်ဖြစ်သည်။ ထိုသို့ စွမ်းနိုင်သောအင်အား ရရှိအောင်လည်း တည်ဆောက်ယူသင့်၏။ ထိုသို့ဆောင်ရွက်ရာတွင် အနုနည်း၊ အကြမ်းနည်း နှစ်မျိုးလုံး ကျင့်သုံးရမည်ဖြစ်သည်။
မိမိတို့၏ ခုခံစစ်သည်ပင် သွေးထွက်သောနိုင်ငံရေးဖြစ်ရာ အကြမ်းနည်းသည်လည်း မဖြစ်မနေ သုံးရမည်ပင်ဖြစ်၏။ သို့သော် တိုက်ခိုက်မှုအင်အား၊ မီဒီယာအင်အားများကို အလွန်ပါးနပ်စွာဖြင့် စနစ်တကျ အသုံးချနိုင်ရမည် ဖြစ်၏။
ခုခံစစ်ဆင်နွှဲလျက်ရှိကြသော မြန်မာပြည်သူများအနေဖြင့် နိုင်ငံတွင်းရှိ နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားနှင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို ချိန်ညှိကိုင်တွယ်နိုင်ခြင်း၊ နိုင်ငံခြားဆက်ဆံရေးကဏ္ဍ ကြိုးစားမြှင့်တင်ရင်း ပြည်သူ့အင်အားကို တည်ဆောက်ယူနိုင်ခြင်း စသော အနု၊ အကြမ်း နည်းလမ်းစုံလင်စွာဖြင့် တိုက်ပွဲဝင်နိုင်အောင် ကြိုးစားသင့်ပေသည်။
သို့မှသာ အကျိုးစီးပွားအခြေခံသော လက်တွေ့နိုင်ငံရေးသမားတို့ကမ္ဘာတွင် မိမိတို့ အဖိနှိပ်ခံပြည်သူများ၏ လိုလားချက်၊ နစ်နာချက်များကို ကမ္ဘာ့ပြည်သူတို့ သိရှိစေကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်သစ်ဆီကို အောင်မြင်စွာ ချီတက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ညိုသူ
နိုင်ငံတခုအား တည်ဆောက်ရာတွင် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့မှာ အလွန်အရေးကြီးသော မဏ္ဍိုင်ကြီးများ ဖြစ်သည်။ ထိုမဏ္ဍိုင်ကြီးများ အချင်းချင်း ထိန်းညှိ ကွပ်ကဲခြင်းဖြင့် ပြည်သူတို့ကို တရားဥပဒေစိုးမိုးသည့် သာယာဝပြောမှု ဆောင်ကြဉ်းပေးနိုင်သော အစိုးရသည် ပြည်သူ့နှလုံးသားကို သိမ်းပိုက်နိုင်သူများ ဖြစ်လာကြသည်။ ပြောင်းပြန်အားဖြင့် ထိုသို့ မဆောင်ရွက်နိုင်သော အစိုးရများသည် ကျရှုံးသူများ သို့မဟုတ် အာဏာရှင်များ ဖြစ်လာကြသည်။
မိမိတို့ ယခုအခြေအနေသည် အာဏာရှင်များအား ခုခံတွန်းလှန်ရင်း ပြည်သူ့အုပ်ချုပ်ရေး အာဏာဖြင့် အစားထိုးနိုင်ရန် ကြိုးပမ်းနေဆဲကာလ ဖြစ်သည်။ ထို့ကြောင့် ခုခံစစ် ဆင်နွှဲနေသူများအနေဖြင့် မိမိတို့ ထိန်းချုပ်နိုင်သော နယ်မြေများတွင် စစ်ပွဲကာလ အုပ်ချုပ်ရေး အဖြစ်နှင့် အုပ်ချုပ်နေရကြောင်း တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ အုပ်ချုပ်ရေးနှင့်အတူ ကျွဲကူးရေပါ ပါလာသော တရားစီရင်ရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိနေပါသည်။ အရေးပေါ်ကာလ တရားစီရင်ရေးများတွင် ပြစ်မှုကြီးများအတွက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ထားရှိကြသော်လည်း တရားစီရင်ရာတွင် ပွင့်လင်းမျှတရန် စီစဉ်ဆောင်ရွက်ကြကြောင်း တွေ့ရသည်။
နိုင်ငံတကာတွင်လည်း စစ်ပွဲအရေးပေါ်ကာလများတွင် ရှေ့တန်းနယ်မြေများအား အရေးပေါ်အခြေအနေ ကြေညာပြီး အုပ်ချုပ်ကြောင်း တွေ့ရ၏။ သို့သော် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရသော အဖွဲ့ဝင်များကို တတ်နိုင်သမျှ စစ်တပ်မဆန်စေအောင် လေ့ကျင့်ပေးထားကြပါသည်။ လက်နက်တပ်ဆင်မှုကစ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် လိုအပ်သလောက်သာ တပ်ဆင်ထား၏။
မိမိတို့အခြေအနေကို ပြန်ကြည့်ပါက ခုခံစစ်အတွက် လုံးပန်းနေရသည်ဖြစ်ရာ အုပ်ချုပ်ရေးအဖွဲ့များပါ စစ်တပ်ဆန်နေကြောင်း တွေ့ရသည်။ စစ်ပွဲကာလအခြေအနေအရ တိုက်ခိုက်ရေးလက်နက်များ တပ်ဆင်ထားစေကာမူအုပ်ချုပ်ရေးအဖွဲ့များကို တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကိုင်ဆောင်လက်နက်အား လိုသလောက်သာ သုံးစေရန် လေ့ကျင့်ပေးထားသင့်ပါသည်။ ထို့အတူ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင်စေရန်၊ ပြည်သူတို့နှင့် ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စေရန် စနစ်တကျ လေ့ကျင့်ပေးရမည် ဖြစ်သည်။
စစ်တပ်အတွက် စစ်မြေပြင်စည်းကမ်းများ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများ၊ ဆောင်ရန် ရှောင်ရန် ကျင့်ဝတ်များဖြင့် ထားရှိကိုင်တွယ်သလိုပင် အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့များကိုလည်း အုပ်ချုပ်ရေးအတွက် သီးသန့်ရည်ရွယ် လေ့ကျင့်ပေးမှုများ အထူးလိုအပ်နေပြီ ဖြစ်သည်။
သာမန်ကာလများကဲ့သို့ မပြည့်စုံနိုင်သည့်တိုင် အခြေအနေနှင့်ကိုက်ညီသော ပြစ်မှု၊ ပြစ်ဒဏ် အလိုက် တရားစီရင်မှု မျှတပွင့်လင်းသော တရားစီရင်ရေးတရပ်သည်ကား ဖြစ်နိုင်ကောင်းသောအရာ ဖြစ်သည်။ online အသုံးချ သင်ကြားရေးမှသည် ရနိုင်သမျှသော ရင်းမြစ်များဖြင့် ရွေးချယ်လေ့ကျင့်ထားသော အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အရည်အချင်းသည်လည်း ထိန်းချုပ်နယ်မြေများအတွင်း ပြည်သူလူထု၏ အားကိုးယုံကြည်မှု၊ အားပေးထောက်ခံမှုများကို မြင့်တက်စေကာ မိမိတို့၏အုပ်ချုပ်ရေး အခြေခိုင်စေမည် ဖြစ်သည်။
ထိုအကြောင်းအရာများကို ဆင်ခြင်ကာ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် စနစ်ကျသော အုပ်ချုပ်ရေးယန္တရားများ ဖွဲ့စည်းအုပ်ချုပ်ခြင်းသည်လည်း ခုခံတော်လှန်စစ်၏ အရေးကြီးလှသော လုပ်ငန်းတခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ညိုသူ