စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ရွှေဘို မဟာမိတ်ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Snake Eyes(Shwebo) ပြည်သူ့ကာကွယ်ရေးတပ်သတင်းပြန်ကြားရေးတာဝန်ခံက “ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၂ ယောက်ကျပြီး ၁ ယောက်ဒဏ်ရာရပါတယ်။ ကျနော်တို့ ဒရုန်းနဲ့ဗုံးသယ်ပြီး ပစ်ချတိုက်ခိုက်ခဲ့တာပါ။ ဗုံး ၁ လုံးပါ၊ ကပစထုတ် အီနာဂါဗုံးသီးနဲ့ပါ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ ချက်၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသခံမဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတဝန်းက ပြည်သူတွေရဲ့ အသံတိတ်သပိတ် အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဗုံးကြဲတိုက်ခိုက်တာလို့ Snake Eyes ပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။
ညောင်ကိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပျူစောထီးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ရွာစိုး၊ ပေါက်ချိုင်၊ ဆင်အင်း၊ ရုံးတော စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွင်း ပစ္စည်းတွေကို လုယက်ခိုးယူတာတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကို Snake Eyes –PDF၊ The Guyd Of Burma Revolution Force (BGRF) နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာ စက်တင်ဘာလ ၈ ရက် မနက် ၁ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေရဲ့ နေအိမ်တွေထဲဝင်ကာ အမည်မသိမြေအောက်တော်လှန်ရေးအဖွဲ့က သေနတ်နဲ့ပစ်ခတ်သွားတာကြောင့် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျူစောထီးတပ်နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက “ကျနော်တို့ရွာက အိမ်ခြေ ၂၀၀ လောက်ရှိတာ ၊ ၇၀ လောက်အစိမ်းတွေ အခုသူတို့က ပျူစောထီးတပ်ဆိုပြီး ရွာနဲ့တမိုင်လောက်ဝေးတဲ့နေရာမှာ တဲထိုးပြီး အုပ်စုဖွဲ့နေကြတယ်။ လက်နက်လည်းကိုင်တယ်။ ညကတော့ ၁ နာရီလောက်ဖြစ်မယ်။ သူတို့အိမ်တွေထဲဝင်ပြီး သေနတ်တွေနဲ့ပစ်သွားကြတယ်။ မနက်လင်းတော့ ၂ ယောက်က ပွဲခြင်းပြီးသေပြီး တစ်ယောက်က ဆေးရုံပို့တုန်း သေသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ ညောင်ကိုင်းရွာက ဦးနု နဲ့ ဦးမြင့်ဝေလို့ သိရပြီး၊ ဒဏ်ရာရသူ ၄ ဦးကို ရွှေဘိုဆေးရုံတင်ပို့ရာမှာ တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်တဲ့အတွက် အပြစ်မဲ့လူငယ် ၃ ဦးသေဆုံးကာ ၁၅ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။