စစ်အုပ်စုနဲ့ သူတို့ကို ထောက်ခံသူတွေ၊ သတင်းပေးတွေအနားမှာ ပြည်သူတွေ မနေကြဖို့ ညောင်တုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးလိုက်ပါတယ်။
စစ်ဆင်ရေးတွေလုပ်ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့ အခုလို သတိလိုက်တာဖြစ်ပြီး တော်လှန်ရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် မြို့နေပြည်သူတွေအနေနဲ့ CCTV ကင်မရာတွေ ဖြုတ်ပေးထားကြဖို့လည်း တောင်းဆိုထားပါတယ်။
စစ်ကောင်စီအလိုကျ ပြည်သူတွေအပေါ် နိုင်ထက်စီးနင်း အကြမ်းဖက်နေတဲ့ ညောင်တုန်းမြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မနေ့ညနေ ၆ နာရီခွဲက ရှင်းလင်းသုတ်သင် ပစ်ခတ်ရာမှာ ပြည်သူတွေရှိတဲ့အတွက် ၁ ချက်ပဲ ပစ်နိုင်ခဲ့တယ်လို့ ညောင်တုန်း ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ရပ်ကွက်ရုံးကိုအသွား ရုံးနားရောက်ကာနီးမှာ ပစ်တာ။ သူ့ကို အရင်က သတိပေးတာတွေ ရှိခဲ့တယ်။ ကျန်တဲ့ တချို့အဖွဲ့တွေကလည်း လုပ်ကြံဖူးတယ်။ မအောင်မြင်တာ။ အခုလည်း ပစ်ကွင်းမရှင်းလို့ တချက်ပဲ ပစ်ခဲ့ရတယ်။ ညောင်တုန်းဆေးရုံကနေ မအူပင်ကို လွှဲတယ်လို့ ကြားတယ်။ သေ မသေတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒီလိုလူတွေ အနားကနေ ဝေးဝေးရှောင်စေချင်တယ်လို့လည်း သူက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသတင်းပေးလုပ်သလို သူကိုယ်တိုင်လည်း ဖမ်းဆီးပေးတာမျိုးတွေရှိလို့ သူ့ကြောင့် ဖမ်းခံခဲ့ရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညက အဲဒီလိုပစ်ခတ်တာဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ပန်တိုင်ဂိတ်၊ ဆားမလောက်တာကွေ့ ဗိုလ်မြတ်ထွန်းတံတားမှာ စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်နေတယ်လို့ သိရပါတယ်။
လာရောက်ပစ်ခတ်တာကို ထော်လာဂျီနဲ့ လုပ်တယ်လို့ သတင်းထွက်တာကြောင့်လည်း မြို့ထဲက ထော်လာဂျီမောင်းသူတချို့ကို ဖမ်းထားတယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးလုပ်ငန်းတွေအောင်မြင်စေဖို့ ပြည်သူတွေအနေနဲ့ CCTV တွေ ဖြုတ်ပေးထားကြဖို့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တောင်းဆိုပါတယ်။
တော်လှန်ရေးလုပ်ငန်းတွေလုပ်ရာမှာ အခက်အခဲမရှိအောင်မြင်စေဖို့ မြို့နေပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
ညောင်တုန်း PDF ကို ပြီးခဲ့တဲ့ ဧပြီလကပဲစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မကြာခင်ကမှ တရားဝင်ထုတ်ပြန်ထားပြီး သူတို့အနေနဲ့ စစ်ကောင်စီ ထောက်ခံသူတွေနဲ့ သတင်းပေးတွေကို သတိပေးဖောက်ခွဲတာ ၁၃ ကြိမ်လုပ်ထားပြီလို့လည်း ဆိုပါတယ်။
ညောင်တုန်းမြို့နယ်က ရွာတချို့မှာ တရွာကို လူ ၂၀ ပေးဖို့ အုပ်ချုပ်ရေးမှူးတွေဆီကတဆင့် စစ်တပ်ကတောင်းထားပြီး မပေးဘူးဆိုရင် ညမထွက်ဖို့၊ ထွက်တဲ့သူတွေကို ပေါ်တာဆွဲမယ်ဆိုပြီး သတင်းတွေထွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက ဗိုလ်မြတ်ထွန်းတံတား ကြိမ်ပင်ဆည် စစ်ဆေးရေးဂိတ်မှာ ရန်ကုန်ကနေ ပုသိမ်ကိုသွားတဲ့ ငါးတင်တဲ့ကားတစီးကိုစစ်ဆေးပြီး လူတွေကိုလည်းဆင်းခိုင်းတာမှာ မဆင်းလို့ ရဲနဲ့ စစ်သားတွေက ကားပေါ်ပါလာသူတွေကို ဝိုင်းရိုက်ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ကားပေါ်ပါသူတွေကို ဂိတ်မှာ ဖမ်းချုပ်ထားပြီး နောက်ပိုင်းမှာ ငွေပေးလို့ ပြန်လွှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ PDF မိန်းကလေးတွေလာမယ်ဆိုတဲ့ သတင်းကြောင့် ကြိမ်ပင်ဆည်စစ်ဆေးရေးဂိတ်မှာပဲ အိမ်စီးကားနဲ့ လာတဲ့ မိန်းကလေး ၅ ယောက်ကို ဖမ်းဆီးထားပြီး နေ့လယ်ပိုင်းမှာတော့ မှားယွင်းဖမ်းဆီးမိတယ်ဆိုကာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ညောင်တုန်းမြို့နယ် ထိပ်ဝလေးရွာက ဒေါ်မြင့်ရီရဲ့အိမ်ကို မနေ့က ရဲနဲ့ စစ်သားအယောက် ၂၀ လာရောက် ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။