close

ညောင်ပင်ဝန်းကျေးရွာ

close

September 12, 2022

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာရဲစခန်းကို စက်တင်ဘာ ၁၀ ရက်  မွန်းတည့် ၁၂ နာရီလောက်က ဒရုန်းနဲ့  နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပထမအကြိမ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက် အပြင်းထန်ဒဏ်ရာရသွားပြီး ဆေးရုံပို့ဆောင်ဖို့ ကားပေါ်တင်နေစဉ်မှာပဲ ဒုတိယအကြိမ် ဗုံးသီးချတိုက်ခိုက်ခံရလို့ ကားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

Knight Commanders အဖွဲ့က တာဝန်ရှိသူတဦးက "မန္တလေး - မုံရွာလမ်းမှာ စစ်ဆေးရေးဆိုပြီး ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေဆီက ငွေညှစ်တောင်းတာတွေ ညောင်ပင်ဝန်းစခန်းက ကောင်တွေက အမြဲလုပ်နေတာတွေရှိတယ်။  အခုလည်း ဒရုန်းနဲ့ တိုက်ခိုက်လို့အပြီးမှာ တပ်အင်အားဖြည့်ပြီး လမ်းသွားပြည်သူတွေကို စစ်ဆေးတာတွေနဲ့ ရွာပတ်လည် အရပ်ဝတ်နဲ့ ကင်းပုန်းချတာတွေ လုပ်နေကြတယ်"  လို့ ပြောပါတယ်။

အဲ့ဒီဒရုန်းစစ်ဆင်ရေးကို Knight Commanders  ( PDF ) အပါအဝင် Black Dragon (Special Task Force ၊ တိုက်နယ်စွန် ( PDF ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

‌ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း ညောင်ပင်ဝန်းရဲစခန်းရှေ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ  သုံး ယောက် သေဆုံးခဲ့ပါတယ်။

7 mins Ago

July 29, 2022

ညောင်ပင်ဝန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှာ တပ်စွဲကာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာ-မြင်းမူ-မန္တလေးသွား ကားလမ်းမပေါ်မှာ စစ်ဆေးရေးဂိတ် ပြုလုပ်ပြီး ဆက်ကြေးတောင်ေ ကောက်ခံနေတာကို အခုလို ဒရုန်းအသုံးပြုကာ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူ ကိုသက်ကြီးက “ဒီလမှာ ကျနော်တို့ မစ်ရှင်တွေကို ဒရုန်းအသုံးပြုပြီး နေရာအနှံ့ကို တိုက်ခိုက်နေတယ်ဗျ။‌ အခုလို ဒရုန်းနဲ့ ဗုံသီးချ တိုက်ခိုက်တာ အတော်လေး အောင်မြင်တယ်လို့ ပြောနိုင်တယ်။ ဒီဇူလိုင်လမှာ ဒရုန်းအသုံးပြု တိုက်ခိုက်တိုင်း စ(--)တွေ အသေအပျောက်၊ ဒဏ်ရာရသူတွေ အတော်များတယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ ညီနောင် Zero Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)၊ G4G PDF အဖွဲ့ ၃ ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ဇူလိုင် ၂၇ ရက်မှာ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့အတွင်းရှိ မူးမြစ်ကမ်းဘေးက ကျေးရွာတွေကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် မြင်းမူမြို့နယ်က မူးမန္တလေး၊ ကျောက်ဖျာ၊ အင်းမ၊ ကန်ဖျား၊ ကံတော်၊ ဆပ်ပြာကျင်း စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
Up