close

ညောင်ပင်သာရွာ

close

October 25, 2022

ညောင်ပင်သာရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး လူငယ် ၄၅ ဦးအား ဖမ်းဆီး

မုံရွာမြို့နယ် မုံရွာ - အမြင့်လမ်းဘေးရှိ ညောင်ပင်သာကျေးရွာကို အောက်တိုဘာ ၂၄ ရက်  ညနေပိုင်းက စစ်ကောင်စီတပ်က ရောက်ရှိလာကာ ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသားလူငယ် ၄၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေ ၃ နာရီလောက်က မုံရွာ - အမြင့်လမ်းရှိ ညောင်ပင်သာ၊ လင်းပိုးနဲ့ လင်းပင်းဝကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းဖြန့်ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

"တပ်ဖြန့်ပြီး ဝင်လာတာ။ ညနေက ညောင်ပင်သာရွာကိုဝင်တော့  အင်အား ၁၀၀ ကျော် လောက်ရှိတယ်။ အဖမ်းခံရတာ အမျိုးသားလူငယ်ချည်း ၄၅ ယောက်လောက်ရှိတယ်။ အသက် ၁၅ နှစ်နဲ့  ၂၀ ကြား လူငယ်တွေ ပိုများတယ်။ ဖုန်းရော၊ ဆင်းကတ်ပါ သိမ်းသွားတာ။ ရွာထဲ ဆိုင်ကယ်မောင်းလာတဲ့ ဒေသခံရွာသား တယောက်ကိုလည်း သေနတ်နဲ့ ပစ်ဖမ်းတာ။ သေဆုံးသွားပြီလို့လည်း သိရတယ် " လို့ ပြောပါတယ်။

‌လက်ရှိမှာ အဆက်သွယ်လုပ်လို့ မရတဲ့အတွက် ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရတာကြောင့် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာက ကား ၂ နှစ်စီးနဲ့ ဂိုဒေါင်အပါဝင် အိမ် ၃ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း မုံရွာမြို့နယ် လယ်ဇင်အုပ်စု၊ အောင်သာကျေးရွာမှာ စစ်ကောင်စီတပ်က ကျေးရွာနေသူ အများပြားကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

11 mins Ago
Up