ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အမှတ်-၁၀၀၉ တပ်ရင်း၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမည်ကို အသုံးပြု အလှူငွေ ကောက်ခံတာတွေ ရှိနေတယ်လို့ IPDF က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ပါဝင်တဲ့အတိုင်း အင်းလေး PDF တပ်ဖွဲ့အမည်နဲ့ ငွေကြေး အလွဲသုံးစားပြုသူတွေကို တိတိကျကျ ဖော်ထုတ်ပေးဖို့ IPDF တပ်ဖွဲ့ဝင်ဟောင်းတွေက တောင်းဆိုလိုက်တာပါ။
IPDF တပ်ဖွဲ့ဝင်ဟောင်းတဦးက “IPDF ရဲ့ ထုတ်ပြန်ချက်မှာ တပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ဂုဏ်ပြုလက်မှတ်အတု၊ ဆိုင်းအတုနဲ့ အလှူငွေ ကောက်ခံနေတယ်။ ဘယ်သူတွေ ကောက်ခံနေတယ်ဆိုတာ သိရတယ်။ တပ်ရင်း အခက်အခဲဖြစ်နေချိန် တချို့ တပ်ရင်းကို စွန့်ခွာသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျနော်တို့က တပ်ရင်းကနေ အနားယူထားသူတွေဆိုတော့ IPDF က ထုတ်ပြန်တဲ့အတိုင်းဆိုရင် ကျနော်တို့ကပဲ အလွဲသုံးစားလုပ်နေသလို ဖြစ်နေတယ်။ ဒါ့ကြောင့် ဘယ်သူတွေက တပ်ဖွဲ့နာမည်နဲ့ ငွေကြေးအလွဲသုံးစားနေလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
အင်းလေးPDF ကို ဒေသခံ ၆ ဦးက စတင်တည်ထောင်ခဲ့တာပါ။ လက်ရှိ အဲ့ဒီ ၆ ဦးလုံးဟာ တခြား တော်လှန်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ တပ်ဖွဲ့ကနေ အနားယူထားပါတယ်။ တပ်ဖွဲ့ကနေ အနားယူစဥ်က ငွေစာရင်းရှင်းတမ်းတွေကို IPDF ကို ဆက်လက်တာဝန်ယူမယ့်သူထံ အပ်နှံခဲ့ပြီး နောက်ထပ်လည်း အလှူငွေကောက်ခံတာ မရှိတော့ဘူးလို့ တပ်ဖွဲ့ဝင်ဟောင်းတွေက ဆိုပါတယ်။
“ကျမက IPDF စတင်တည်ထောင်စဥ်က အလှူငွေရှာဖွေပေးခဲ့သူ ဖြစ်ပါတယ်။ အခု တပ်ရင်းတည်ထောင်သူ ၆ ဦးလုံးဟာ တပ်ရင်းမှာ မရှိတော့ဘူး။ အခု ကျမ တပ်ရင်းက ထွက်ခွာခဲ့ပေမဲ့ အလှူရှင်တွေပေးပို့လာတဲ့ အလှူငွေတွေကို လက်ရှိတာဝန်ခံ ကိုအင်းစားကူးကို လွှဲပြောင်းပေးပြီး မှတ်တမ်းတွေကိုလည်း သူ့ဆီက ရယူခဲ့ပါတယ်။ ဒါ့ကြောင့် IPDF (1009) အနေနဲ့ ငွေအလွဲစားလုပ်သူတွေကို သေချာဖော်ထုတ်ရှင်းလင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ တပ်ဖွဲ့ဝင်ဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ရှမ်းတောင် အမှတ်-၁၀၀၉ တပ်ရင်း ဖြစ်ပါတယ်။
IPDF အနေနဲ့ မဟာမိတ်တပ်ရင်းတွေနဲ့အတူ ဒေသအတွင်းမှာ စစ်ရေးဖော်ဆောင်တာတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ ကျဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဒေသ ၃ ၊ ၁၀၀၈ တပ်ရင်းမှ စခန်းမှူး CDM ရဲဘော် ချစ်ကောင်းဟာ မေလ ၁၅ ရက်က ညောင်ရွှေမြို့နယ် ထီရိ ၊ ဆောင်နန်းခဲဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရင်း ကျဆုံးသွားတယ်လို့ သူ့ရဲ့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
“သတင်းကောင်းတွေရှိပေမယ့် သတင်းဆိုးကို အရင်ထုတ်ပြန်ပါရစေ။ ကျနော်တို့ရဲ့ ၁၀၀၈ တပ်ရင်း စခန်းမှူး ရဲဘော်ချစ်ကောင်း CDM ဟာ စစ်ကောင်စီကို ခုခံရင်းကျဆုံးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းစွာဖြင့်ထုတ်ပြန်လိုက်ရပါတယ်။ ကျဆုံးသွားသော ရဲဘော်ချစ်ကောင်းအား မိမိတို့ (၁၀၀၈) တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုအပ်ပါတယ်” လို့ ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ချက်မှာ ချက်မှာဖော်ပြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု ၅ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းထားတဲ့ ရှမ်းတောင် တော်လှန်ရေးလူငယ်များအဖွဲ့(SSRY) တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ ၃ ၊ ၁၀၀၈ တပ်ရင်းအဖြစ် တရားဝင် တာဝန်ထမ်း ဆောင်ခွင့်ရပြီဖြစ်တယ်လို့ ၁၀၀၈ တပ်ရင်းက မေလ ၁၄ ရက် ညပိုင်းမှာ ကြေညာထားတာပါ။
ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ SSRY တပ်ရင်းကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ SSRY Eagle Force ၊ Dragon Force၊ Tai PDF Cobra Force ၊ Dove Guerrilla Force ၊ Southern Shan Irine Force အဖွဲ့တို့နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က စုစည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။