close

ညောင်လေးပင်ခရိုင်

close

March 12, 2023

ညောင်လေးပင်ခရိုင်၌ ရွာသား ၁၃၀၀ ကျော် စစ်ဘေးရှောင်၊ စစ်တပ်က ဒရုန်းပစ်ချသဖြင့် ကလေးငယ်အပါ ၂ ဦးထိမှန်

ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ လူအကျေးရွာအတွင်းကို မတ် ၁၁ မနက် ၁၂ နာရီလောက်က စစ်ကောင်စီတပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချခဲ့တဲ့အတွက် ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦးထိမှန်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၁၃၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက လူအကျေးရွာအတွင်းကို ဒရုန်းနဲ့လက်နက်ကြီးပစ်ချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံကလေးငယ် စောအယ်ခူစိုး (၁၄နှစ်)၊ စောပြည့်စုံ (၄၅)နှစ်တို့ နှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မနက် ၇ နာရီလောက်ကလည်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းကို စစ်ကြောင်ထိုးဝင်ရောက်ရာမှာ  လက်နက်ကြီနဲ့ပစ်ခတ်ခဲ့တဲ့အတွက် စစ်တောင်းမြစ်ကမ်းနံဘေးက ရေလဲအနောက်ဘက်ကမ်းကျေးရွာအတွင်းကို လက်နက်ကြီးကျည် ၁၀ လုံးနဲ့ ရွာအပြင်ကို ၁၆ လုံး၊ သင်္ကန်းပင်ကျေးရွာအတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ညောင်ပင်ကြီး၊သိုက်တူကုန်း၊ သင်္ကန်းပင်၊ ရေလဲအနောက် ၊ လူအ စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၃၀၀ ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတစ်ဦးက “လောလောဆယ် ဘယ်ရွာတွေဆိုတာ စာရင်းလိုက်ကောက်နေတုန်း။ အိမ်ခြေနဲ့ လူဦးရေက တနေရာတည်းမဟုတ်တဲ့အတွက် အခက်အခဲရှိတယ်။ တချို့ရွာတွေက စစ်ဘေးရှောင်နေရတဲ့သူတွေလည်း အခုထပ်ပြီး စစ်ဘေးရှောင်နေရတယ်”လို့ ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းကို စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးနိုင်ဖို့အတွက် အင်အားဖြည့်တင်းပြီး ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်ခရိုင်၊  ကျောက်ကြီး၊ ရွှေကျင်၊ မုန်းမြို့နယ်အတွင်းက အိမ်ထောင်စု ၂၃၀၀ ကျော် ဒေသခံပြည်သူ ၁၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာ ပိုမိုများပြားလာတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေဟာ ထပ်မံစစ်ဘေးရှောင်နေရတာတွေကြောင့် စာရင်းကောက်ယူရာမှာ အခက်အခဲတွေလည်းရှိနေတယ်လို့  ကူညီပေးနေသူတွေဆီက သိရပါတယ်။

3 hours Ago

December 6, 2022

လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ ၂၀,၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်

ကေအန်ယူနယ်မြေ ညောင်လေးပင်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်း ၃ ခု အတိုက်ခံရပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေပါ ထပ်မံလုပ်ဆောင်လာတဲ့အတွက် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်တွေက ဒေသခံပြည်သူတွေ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင် အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ ဘောကထာစခန်းနဲ့ တုံးတံတားစခန်းတွေကို တရက်တည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၇၊ တပ်ရင်း ၉၊ Federal wings drone ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဒီဇင်ဘာ ၂ ရက်မှာ စစ်ကောင်စီတပ်တွေဟာ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ် ၃ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ထပ်မံပြုလုပ်ခဲ့ပါတယ်။

လေကြောင်းကနေ ရွှေကျင် (ဆောထိ) မြို့နယ် စော်သဲခီးကျေးရွာအုပ်စု ကဟီးဒေးကျေးရွာ အတွင်းကို ၂ ကြိမ်၊ လယ်ဝါးကျေးရွာအုပ်စု လယ်ဝါးကျေးရွာအတွင်းကို ၁ ကြိမ်၊ ကျောက်ကြီး (လယ်ဒို) မြို့နယ် ကွီးလားကျေးရွာအတွင်းကို ၁ ကြိမ် စုစုပေါင်း ဗုံး ၈ လုံး ကြဲချခဲ့ရာ ၅ လုံးသာ ပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀,၀၀၀ ကျော်ဟာ  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရလို့ အခက်အခဲတွေနဲ့ ကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် ည ၈ နာရီခွဲလောက်မှာ ခမရ ၅၉၈ တပ်ရင်းကနေ ရွှေကျင် (ဆောထိ) မြို့နယ် ဇလုပ်ကြီးကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို ဒီဇင်ဘာ ၃ ရက် မနက် ၂ နာရီကျော်လောက်က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပါတယ်။

တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ် ၃ မြို့နယ်က အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်တာတွေ ဆက်လက်လုပ်ဆောင်လာမှာကို နေ့စဉ် စိုးရိမ်ထိတ်လန့်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့အာဏာ ဆက်လက်တည်မြဲရေးအတွက် ကိုယ်ကျိုးစီးပွား မဆုံးရှုံးရအောင် လက်ရှိလုပ်နိုင်သမျှ အကုန်လုပ်နေမှာပဲလို့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးစောကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တပ်မဟာ ၃ နယ်မြေအတွင်းမှာ အထိနာလာတဲ့အတွက်  အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်းကို အင်အားတိုး စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့ ကင်းထောက်လှမ်းပြီး ဗုံးကြဲတာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ကျော်ရှိပြီး မုန်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၁၈,၀၀၀ ကျော်အထိရှိနေရာက အခုဆိုရင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ထပ်တိုးလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

3 months Ago
Up