မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း မြေယာလျော်ကြေးပေးရာမှာ စစ်ကောင်စီကို ထောက်ခံတဲ့ ရွာတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေသာရရှိပြီး ကျန်တဲ့တခြားရွာတွေနဲ့ ရွာသူရွာသားတွေကတော့ လျော်ကြေးမရဘူးလို့ ဒေသခံတွေကပြောပါတယ်။
ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ သန့်စင်ကြယ်ကျေးရွာရှိ မြေဧက ၁ ဒသမ ၇၁၈ ပေါ်မှာ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးရုံးနေရာအတွက် လျော်ကြေးငွေ ကျပ် ၂,၁၄၇,၅၀၀ ကိုစစ်ကောင်စီ လက်အောက်ခံ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီ ထောက်ခံသူ မြေပိုင်ရှင်ဆီ ပေးအပ်ခဲ့ပါတယ်။
စစ်ကောင်စီကိုထောက်ခံတဲ့ ရွာတွေကိုပဲ လျော်ကြေးပေးနေတာဖြစ်ပြီး ကျောက်ပန်းတောင်း-ညောင်ဦး လမ်းမနားကယာမြေတွေမှာ မြေဧက ၃၀ နီးပါး အသိမ်းခံရတဲ့ မြေသိမ်းခံတောင်သူ ၈ ဦးကတော့ လျော်ကြေးမရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ဦးဒေသခံတဦးက “သုံးရွာပေါင်း ကျေးရွာတအုပ်စုနဲ့ ဖွဲ့ထားတာ သူတို့ကြေညာထားတဲ့ ရွာအုပ်စုမှာပါတဲ့ ရွာတွေက ကြံ့ခိုင်ရေးရွာတွေ၊ အစိမ်းတွေချည်းပဲ၊ ကုန်းတန်းကြီးအုပ်စုထဲမှာ သန့်စင်ကြယ်ရွာနဲ့ ဖျောက်ဆိပ်ပင်ရွာလည်း ပါတယ်။ သိမ်းတုန်းက ယာမြေတွေကို တပ်က သိမ်းတာပါ။ စည်ပင်မဟုတ်ဘူး၊ ခမရ ၄၁၅ တပ်၊ အဲ့ရွာတွေရဲ့ အရှေ့ဖျားတင်ပဲ” လို့ ပြောပါတယ်။
ညောင်ဦးမြို့နယ်ဟာ ငါ့သရောက်၊ ညောင်ဦး၊ ပုဂံ စတဲ့ မြို့သုံးမြို့နဲ့ ဖွဲ့စည်းထားတဲ့ ခရိုင်အဆင့်မြို့နယ်ဖြစ်ပြီး ရပ်ကွက် ၁၇ ခု၊ ကျေးရွာအုပ်စု ၇၅ ခု၊ ကျေးရွာအရေအတွက် ၂၂၀ ရှိတယ်လို့ သိရပါတယ်။
ယာမြေသိမ်းခံထားရတဲ့ ညောင်ဦးဒေသခံတဦးက “မြေသိမ်းလို့ လျော်ကြေးပေးတယ်ဆို ရွာအချင်းအတူတူ ဦးတို့မြေကိုလည်းပေး၊ ငါ့သရောက်ဘက်က ရွာတွေ ကျန်သေးတယ်၊ ကွက်တိကွက်ကြား မလုပ်နဲ့ပေါ့။ ကားလမ်းကြီးဘေးက ယာမြေ ၄ ဧကရှိတယ်။ စီမံကိန်းဆိုလို့ ပစ်ထားရတာ။ ၂၀၀၈ လောက်ကတည်းက သိမ်းပြီး ဘာမှလည်းမလုပ်ဘူး။ ဦးတို့ တဦးတည်းတော့ မဟုတ်ဘူး။ အဲ့မြေက ပြောင်းစိုက်တဲ့မြေ။ ၂၀၁၈ လောက်က ပြန်ရမယ်၊ လျော်ကြေးရမယ် ပြောတယ်။ အစိုးရပြောင်းတော့ ဘာမှ အသံမကြားတော့ဘူး။ အခု သန့်စင်ကြယ်ဘက်က ပေးနေတော့ စာရင်းထဲပါမလား စည်ပင်သွားပြီး မေးကြည့်တယ်။ စာတင်ပေးပါမယ် ပြောတာပဲ။ ဒီမှာက ရှေး/သု၊ ထွေအုပ်၊ စည်ပင်နဲ့ တပ်က များနေတော့ ဘယ်သူက ဘာလဲ မသိသေးဘူး” လို့ ပြောပါတယ်။
အခုလို ခွဲခြားပြီး မြေယာ လျော်ကြေးပေးတာနဲ့ ပတ်သက်ပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ မေလ ၁၉ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းရွှေရဲ့ သမက် ဖိုးချို၊ သူကောင်းတည် ရာအိမ်မှူး ဦးမောင်မြင့်နဲ့ မန္တလေး ဘက်ကလာတဲ့ ဦးကျော်ကျော်မင်း တို့ဖြစ်တယ်လို့ ဒေသသခံတွေထံက သိရပါတယ်။
အောက်ညဉ့်ရွာ အုပ်ချုပ်ရေးမှူး စန်းရွှေ နေအိမ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ သွေးသောက်အဖွဲ့ ဖွဲ့စည်းဖို့ အစည်းဝေးလုပ်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြေလတ်-PDF MGN District ၊ Seven People Defense Force(S.P.D.F)၊ TTA-ပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊ Bagan Heros Guerrilla Force (B.H.G.F)၊ 27 Revolution Force(MGN) တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုကြောင့် ၃ ယောက်သေဆုံးပြီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်လို့ 27 Revolution Force(MGN) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာရသွားသူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဟုတ်မဟုတ်တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။