မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ကို တခြားမြို့နယ်ဆီ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခွင့်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဆီကို အသနားစာတင်ကြတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
ဂန့်ဂေါဒေသက ဌာနဆိုင်ရာရုံးတွေနဲ့ နယ်မြေရဲစခန်းတွေဟာ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ များလာပြီးနောက် ပြောင်းရွေ့ပေးဖို့ အသနားစာတင်ကြသူတွေ များတယ်လို့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ရဲတပ်ရင်း ၃၅ ဆို အာဏာသိမ်းကတည်းကဒီမှာရောက်နေတာ သူငယ်ချင်းတွေလည်း သေကုန်ပြီ သုံးနှစ်ရှိပြီ အခုထိ ပြောင်းရွှေ့ခွင့်မပေးဘူး။ တချို့ဆို ထွက်ပြေးသွားကြတယ်၊ စာတင်ထားတဲ့သူ အတော်များတယ်"လို့ ပြောပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ လဝကနဲ့ ရဲတပ်ရင်းမှ ဝန်ထမ်း ၁၀၀ နီးပါး ပြောင်းရွှေ့ခွင့်ကို ဌာနဆိုင်ရာဝန်ကြီးတွေ၊ ရဲချုပ်နဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဆီကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စာတင်ခဲ့တာဖြစ်တယ်လို့ လဝကဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"ပြောင်းခွင့်တင်တာ တစ်နှစ်ကျော်ပြီ ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင် ကူသူမဲ့ ကယ်သူမဲ့ဘဝကိုရောက်နေတာ တခါတလေ စစ်တပ်က လေကြောင်းနဲ့ လာပစ်ရင်တောင် ကျမတို့ခေါင်းပေါ်ကို ပစ်ချလိုက်ပါစေလို့ ဆုတောင်းတာမြန်မြန်သေအေးရော"လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ပြောင်းရွှေ့ခွင့်တင်လို့မရတာလို့ ထွက်ပြေးသူတွေလည်းရှိတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပုပ္ပသီရိမြို့နယ် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်တပ်က သင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ထဲမှာလုပ်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သင်တန်းကို လာတက်ကြသူတွေဟာ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဦးစီးအရာရှိအဆင့်တွေ ဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က လူတွေရော သင်တန်းလာတက်တာတော့ လူစုံတယ်။ လဝကရော ထွေအုပ်ရော၊ အပြင်မှာ မလုပ်ရဲဘူး၊ စစ်တပ်ထဲမှာလုပ်တာ။”
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လဝက၊ ထွေအုပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးကို သင်တန်းစပေးနေတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သင်တန်းက လေးရက်၊ စစ်တပ်က ဘာတွေသင်ပေးမလဲတော့ မသိဘူး။ တက်တဲ့သူတွေကလည်း လူဦးရေနဲ့ မဲစာရင်းပဲပြောတယ်။ ကျနော်တို့ကြားတာက လူဦးရေစာရင်းကောက်ရင်း UG လှုပ်ရှားမှုတွေပါ ထောက်လှမ်းလို့ရအောင် သင်တန်းပေးနေတယ်လို့ ကြားတယ်။”
အဆိုပါသင်တန်းကို ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်း၊ လဝကဦးစီးဌာနနဲ့ ထွေအုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ ၁၀၀ ကျော် တက်ခဲ့တယ်လို့ လဝကဦးစီးဌာနမှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လူရွေးခေါ်တာဖြစ်မယ်၊ ကျမတို့ဌာနမှာ ဦးစီးအရာရှိတွေ အများကြီးပဲ၊ မပါဘူး။ လဝကဆိုပေမဲ့ စစ်တပ်ကအရာရှိလည်း ဖြစ်ချင်ဖြစ်နေမှာ။”
လတ်တလောမှာ နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဇန်နဝါရီ ၉ ရက်ကစပြီး စစ်တပ်အစောင့်အရှောက်နဲ့ လူဦးရေစာရင်း ကောက်နေပေမဲ့ မြို့နယ်တချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်လို့ ဒုရဲအုပ်တဦးသေဆုံးပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့တာလည်း ရှိပါတယ်။