close

ဌာနဆိုင်ရာ

close

April 20, 2023

ဌာနဆိုင်ရာ ခွင့်ပြုချက်ရရှိပြီးမှ လုပ်ငန်းများဆောင်ရွက်ရန် ကုမ္ပဏီများကို စစ်ကောင်စီအသိပေး

လုပ်ငန်းလုပ်ကိုင်ခွင့်ရယူဖို့လိုအပ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနတွေရဲ့ ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ငန်းဆောင်ရွက်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိကဆေးရုံ လုပ်ငန်းဆောင်ရွက်လိုပါက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်၊ ဘဏ်လုပ်ငန်း ဆောင်ရွက်လိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုပါက ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် စသဖြင့် တောင်းခံရယူ ဆောင်ရွက်ရမယ်လို့ အဲဒီဌာနက အသိပေး ထုတ်ပြန်ထားတာပါ။

စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင် ဆောင်ရွက်နိုင်တာဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်ဖို့နဲ့ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့် ရယူဖို့ လိုအပ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနတွေရဲ့ ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ငန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ကုမ္ပဏီတွေ၊ ဒါရိုက်တာတွေနဲ့ ပါဝင်သူတွေက သက်ဆိုင်ရာ တည်ဆဲဥပဒေတွေကို လိုက်နာမှုရှိ၊ မရှိ စိစစ်နိုင်ဖို့နဲ့ ကုမ္ပဏီတည်ထောင်ပြီး ငွေကြေးခဝါချမှု ရှိ မရှိ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ၊ မရှိတို့ကို စိစစ်ဖို့ ရည်ရွယ်ချက်ဖြင့်ဆိုကာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပြီးနောက် ၂ လအတွင်း တင်ပြရမယ့် နှစ်စဥ် အစီရင်ခံစာနဲ့အတူ ထပ်မံတင်ပြဖို့ လိုအပ်တဲ့အချက်တွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလကနေ -၂၀၂၃ မတ်လအထိ ကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၅၀၀၀ ကျော်အထိ ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က စာရင်းအရ သိရပါတယ်။

42 seconds Ago

February 24, 2023

တနင်္သာရီတွင် ဌာနဆိုင်ရာရုံးများ ပုံမှန်လည်ပတ်ရန် စစ်နယ်မြေမှူးက ဖိအားပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ကစစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်က မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို ဌာနဆိုင်ရာတွေအနေနဲ့ ရုံးတွေ ပုံမှန်မလည်ပတ်နိုင်လို့ ဆူပူခဲ့တယ်လို့ Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်တဲ့ မြို့နယ်ခန်းမ အစည်းဝေးအတွင်း ခုလိုပြောဆိုခဲ့တာပါ။

တနင်္သာရီမြို့နယ်အတွင်းမှာ ဝန်ထမ်းတွေ လုံလုံခြုံခြုံ သွားလာနိုင်ဖို့နဲ့ မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် စစ်အုပ်ချုပ်ရေးကို သတ်မှတ်ပေးထားတာဖြစ်ပြီး အဲ့ဒီစည်းကမ်းတွေကို လေးစားလိုက်နာဖို့ ဝန်ထမ်းတွေမှာ တာဝန်ရှိတယ်ဆိုပြီး တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်က ပြောတယ်လို့ ဆိုပါတယ်။

မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးကလည်း စစ်အုပ်ချုပ်ရေးစနစ် သတ်မှတ်ပေးပြီဆိုတော့ ဌာနဆိုင်ရာအလိုက် ရုံးတွေ ပုံမှန်အတိုင်း ပြန်ဖွင့်ပြီး ရုံးဝတ်စုံနဲ့ ရုံးတက်ကြဖို့၊ နိုင်ငံတော်အလံကို အသစ်လဲကြဖို့၊ ရုံးတွေက ညစ်ပတ်ပြီး ရုံးနဲ့မတူတဲ့အတွက် သန့်သန့်ရှင်းထားဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ပရဟိတစိတ် ထားကြပါ။ သန့်သန့်ရှင်းရှင်းလည်း နေကြပါ။ ခရီးသွားမယ်ဆိုလည်း ကြိုတင်ခွင့်ပြုချက်ယူပြီးမှ သွားကြပါလို့ စစ်နယ်မြေမှူး အောင်ကိုလတ်က ပြောကြောင်း ရုံးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူ‌တွေ အပါအဝင် စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တိုက်ပွဲတွေ ပိုဖြစ်လာတဲ့အတွက် ပြည်သူတွေ အထူးသတိပြု သွားလာကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သတိပေး ထုတ်ပြန်ထားပါတယ်။

2 months Ago
Up